ဗြိတိန်သို့ သုံးရက်တာ နိုင်ငံတော် ခရီးစဉ် ရောက်ရှိလာတဲ့ သမ္မတ ထရမ့်ကို အမြောက် ၄၁ ချက် ပစ်ဖောက်ကာ ကြိုဆို

ဗြိတိန်သို့ သုံးရက်တာ နိုင်ငံတော် ခရီးစဉ် ရောက်ရှိလာတဲ့ သမ္မတ ထရမ့်ကို အမြောက် ၄၁ ချက် ပစ်ဖောက်ကာ ကြိုဆို

လန်ဒန်၊ ဇွန် ၃ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လန်နီယာတို့ကို ကြိုဆိုတဲ့အနေနဲ့ ဗြိတိန်နိုင်ငံ ဘတ်ကင်ဟမ်နန်းတော်ရဲ့ မျက်နှာစာ မြက်ခင်းပြင်တစ်လျှောက်မှာ အမြောက် ၄၁ ချက် ပစ်ဖောက်ပြီး ကြိုဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ဟာ သုံးရက်တာ နိုင်ငံတော် ခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံဆီ ဒီကနေ့ ဇွန် ၃ ရက်နေ့မှာ ရောက်ရှိလာတာဖြစ်ပြီး ၎င်းတို့ စုံတွဲကို ဗြိတိန်ဘုရင်မကြီး အယ်လိဇဘတ်နဲ့ တော်ဝင် ချားလ်မင်းသားတို့က ကြိုဆိုကြပါတယ်။

သမ္မတ ထရမ့်အနေနဲ့ တော်ဝင်မိသားစုနဲ့ တွေ့ဆုံသလို ဝန်ကြီးချုပ် ထရီဆာမေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ သမ္မတလေယာဉ်ဖြစ်တဲ့ Air Force One လေယာဉ်ကြီးဟာ Stanted လေဆိပ်ဆီ ဂရင်းနစ်စံတော်ချိန် ၇ နာရီ ၅၅ မိနစ်မှာ ဆိုက်ရောက်တာ ဖြစ်ပါတယ်။

လေဆိပ်မှာ သမ္မတ ထရမ့်နဲ့ ဇနီးဖြစ်သူတို့ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျာရီမီဟန့်နဲ့ ဗြိတိန်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဝူဒီဂျွန်ဆန်တို့က ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ လေဆိပ်မှာ သမ္မတကို ဂျာရီမီဟန့်က နုတ်ဆက်စကားပြောချိန်မှာ အားကစားနေကာမျက်မှန်ရယ်၊ အပြာရောင်ရှပ်ဝတ်စုံရယ်ကို စတိုင်ကျကျ ဝတ်ဆင်ထားတဲ့ သမ္မတ ကတော် မယ်လန်နီယာကို ဝူဒီဂျွန်ဆန်က ကြိုဆိုနုတ်ဆက်တာ ဖြစ်ပါတယ်။
လေဆိပ်ကနေ သမ္မတနဲ့ သမ္မတ ကတော်တို့ကို အမေရိကန်လေတပ် ရဟတ်ယာဉ်နဲ့ တင်ဆောင်ပြီး အမေရိကန်သံအမတ်ကြီးရဲ့ နေအိမ်ဆီ ဦးစွာသွားရောက်တာဖြစ်ပါတယ်။

အမေရိကန် သမ္မတ ထရမ့်အနေနဲ့ အခု ဗြိတိန်ခရီးစဉ်မှာ ဥရောပကနေ ဗြိတိန်နုတ်ထွက်ရေး ကိစ္စရပ်ကို ဆွေးနွေးဖြစ်ဖို့ ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required