အလုပ်ရှာဖွေပေးသည့်ဝန်ဆောင်ခ ပိုတောင်းသည့် တိုင်ကြားစာ မရှိသလောက်နည်းပါးဟု ဆို

အလုပ်ရှာဖွေပေးသည့်ဝန်ဆောင်ခ ပိုတောင်းသည့် တိုင်ကြားစာ မရှိသလောက်နည်းပါးဟု ဆို
ဓာတ်ပုံ-သက်ကို၊ မဇ္ဈိမ

နေပြည်တော်၊ ဇွန် ၃ ရက် ။           ။ အလုပ်ရှာဖွေပေးသည့် ဝန်ဆောင်ခကို တစ်လစာထက် ပိုမတောင်းရန် သတ်မှတ်ထားပြီး လက်ရှိတွင် ပိုမိုတောင်းခံမှု တိုင်ကြားစာသည် မရှိသလောက်နည်းပါးနေသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“ လိုင်စင်ရအေဂျင်စီဟာ ပြည်တွင်းအလုပ်အကိုင် ရှာဖွေခြင်းအတွက် အလုပ်ရှင်ထံမှ အလုပ်သမား ရရှိရမဲ့ လစာ တစ်လစာထက်မပိုတဲ့ ဝန်ဆောင်ခကို အေဂျင်စီများက ကောက်ခံနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများက သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုရယူခြင်းနဲ့ သက်ဆိုင်တဲ့ တိုင်ကြားစာများ မရှိသလောက် နည်းပါးပါတယ်။ ရှိရင်လည်း ကျွန်တော် ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ယနေ့ ဇွန် ၃ ရက်နေ့ အမျိုးသားလွှတ်တေ်ာအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၈)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးက “ တရားဝင်မှတ်ပုံတင်ပြီး လုပ်ငန်းလုပ်ကိုင်နေကြသော ပြည်တွင်း/ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ အရေအတွက်၊ သတ်မှတ်ဝန်ဆောင်ခထက် ပိုမိုကောက်ခံနေသော အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ အရေးယူဆောင်ရွက်ထားရှိမှု၊ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်လိုသူ ရွှေ့ပြောင်းလုပ်သားများ နစ်နာဆုံးရှုံးမှု မရှိစေရန် ကြိုတင်ကာကွယ်မှုများကို မည်သို့ ဆောင်ရွက်ထားရှိသည်ကို သိရှိလိုခြင်း”နှင့် ပတ်သက်သည့်မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက လွှတ်တေ်ာတွင် ယခုကဲ့သို့ ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်သည်။

ထိုသို့ ဝန်ကြီးဌာမှ ဖြေဆိုထားသော်လည်း ပြည်ပသို့ ပို့ဆောင်ပေးသည့် အေဂျင်စီအချို့တွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံရှိ လုပ်သားများထံမှ ကျပ်ငွေ ဆယ်သိန်း အထိ တောင်းခံနေသည့် တိုင်ကြားမှုများရှိနေပြီး ၎င်းတာဝန်ယူထားသည့် ပြည်တွင်း၊ ပြည်ပအလုပ်သမားဆိုင်ရာကော်မတီ(MOEAF )ထံသို့ ဆယ်ဂဏန်းနီးပါးအထိ ရောက်ရှိနေကြောင်း မေးခွန်းရှင် ဦးကျော်ထွေးက မီဒီယာများကို ပြောသည်။

 “တိုင်ကြားတာက ဟိုမှာ အဆင်မပြေတော့မှ တိုင်ကြားကြတာ ။ တော်ရုံတန်ရုံလုပ်သားတွေက သူတို့ ဥပဒေမှာ ဝန်ဆောင်ခတွေ ပိုပေးနေရတယ်လို့ မသိကြဘူး။ တချို့လည်း သိတယ်။ ဒါပေမယ့် အလုပ်ရလိုဇောနဲ့ အလုပ်ရရင်ပြီးရော  ဆိုပြီးတော့ မျက်စိမှိတ်ပြီး ပေးနေကြတာ။ ဟိုရောက်တော့မှ သတ်မှတ်တဲ့ အလုပ်အကိုင်တွေကလည်း မဟုတ်ဘူး။ သတ်မှတ်ထားတဲ့လခ၊ ဟိုမှာ အနိမ့်ဆုံးလုပ်ခလည်း မရဘူး။ နေရာထိုင်ခင်းတွေလည်း အဆင်မပြေတဲ့အခါကြတော့မှ တိုင်ကြားကြတာ။ တိုင်ကြားတဲ့အခါမှာလည်း တချို့ ဒီဘက်ကို ရောက်လာတဲ့သူတို့ ပြန်တိုင်တာပေါ့။ ပြန်တိုင်တော့ ဒီ MOEAF ကနေပြီးတော့ ကြိုးစားပြီး ဖြေရှင်းပေးနေတာတွေ ရှိတယ် ”ဟု ဦးကျော်ထွေးက ပြောသည်။

ဝန်ကြီးဌာနအနေဖြင့်မူ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနှင့်ဝန်ကြီးဌာနက ညွှန်ကြားချက်များကို လိုက်နာမှု မရှိသည့် အေဂျင်စီများကို ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ပြီး၊ ယာယီပိတ်သိမ်းခြင်းများနှင့် ပြစ်မှုအပေါ် မူတည်ကာ လုံးဝပိတ်သိမ်းခြင်းများကို လုပ်ဆောင်မှုများရှိခဲ့ကြောင်း ဝန်ကြီးဦးသိန်းဆွေက လွှတ်တော်တွင် ဆက်လက်ပြောကြားထားသည်။

“ဒါ့အပြင် တရားစွဲအရေးယူခြင်းများလည်း ဆောင်ရွက်ပါတယ်။ လက်ရှိအနေအထားအရ ကုမ္ပဏီလိုင်စင် ယာယီပိတ်သိမ်းထားတဲ့အေဂျင်စီ ၂၂ ခု ရှိပါတယ်။ ကုမ္ပဏီလိုင်စင် ရာသက်ပန် ပိတ်သိမ်းထားတဲ့အေဂျင်စီ ၁၂ ခု ရှိပါတယ်”ဟု ဝန်ကြီးက ပြောကြားခဲ့သည်။
၁၉၅၉ ခုနှစ် အလုပ်ခန့်ထားမှု ကန့်သတ်ရေး ဥပဒေ၊ ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုတိုးတက်ရေး ဥပဒေတို့အရ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအကျိုးဆောင်ကုမ္ပဏီ ၈၈ ခုကို ခွင့်ပြုထားပြီး၊ အလားတူ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်ကိုင်ဆိုင်ရာဥပဒေနှင့်အညီ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်ကုမ္ပဏီ ၂၈၂ ခုကို လက်ရှိချိန်အထိ တရားဝင်ခွင့်ပြုထားကြောင်း သိရသည်။
ထိုသို့ ဝန်ဆောင်ခ ပိုမိုတောင်းခံမှုကို ငွေပြန်အမ်းပေးလိုက်ပါက အမှုကို ပြန်ရုပ်သိမ်းသည့် အခြေအနေများ ရှိကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၈)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးက ဆိုသည်။

 “ဥပဒေ ချိုးဖောက်တဲ့ဟာကို တွေ့လို့ရှိရင် ဥပဒေအရ ဌာနက အရေးယူတယ်။ ကာယကံရှင်က တိုင်ကြားမှု မရှိလို့ အရေးမယူဘူးဆိုတာကလည်း သိပ်တော့ လက်ရှိချိန်မှာ လက်သင့်ခံစရာမရှိဘူး။ သူက အလုပ် လျှောက်တဲ့လူ အယောက်တစ်ရာမှာ ဥပမာဆိုပါစို့ ငါးဆယ်လောက်က အဆင်မပြေလို့ ငါးဆယ် လောက်ကို ပြန်အမ်းပေးလိုက်တယ်ဆိုရင် ကျန်တဲ့ ငါးဆယ်ဝန်ဆောင်ခကို ဒီ အေဂျင်စီက ယူသွားတာပေါ့။ အဲဒါမျိုးတွေ ရှိတယ်။အပြစ်ရှိလို့မှ၊ ကျူးလွန်ပြီးလို့မှ ပြန်အမ်းပေးတာမျိုးကို ခွင့်လွှတ်နေလို့ မရဘူး။ အပြစ်ရှိတယ်ဆို တိတိကျကျ အရေးယူပေါ့နော်”ဟု ဦးကျော်ထွေးက ပြောသည်။

လက်ရှိတွင် ပြည်ပလုပ်ငန်းအကျိုးဆောင်လုပ်ငန်း ဆက်လက်လုပ်ကိုင်လိုခြင်း မရှိသဖြင့် ဆန္ဒအလျောက် ပိတ်သိမ်းသည့်အေဂျင်စီ  ၄၀ ရှိကြောင်းနှင့် ကုမ္ပဏီ ဒါရိုက်တာ၊ မန်နေဂျင်းဒါရိုက်တာများကို ၁၉၉၉ ခုနှစ် ပြည်ပအလုပ်ကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူထားသည့် အေဂျင်စီ ၆ ခု ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required