ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးအမှု ရုံးချိန်းကို ရဲတပ်ဖွဲ့မှ လုံခြုံရေး ပိုမိုတင်းကြပ်

ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးအမှု ရုံးချိန်းကို ရဲတပ်ဖွဲ့မှ လုံခြုံရေး ပိုမိုတင်းကြပ်
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇွန်လ ၃ ။          ။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်တရားရုံးတွင် တရားစွဲထားသောအမှု အတွက် ရဲတပ်ဖွဲ့မှ လုံခြုံရေးကို ယခင်ရုံးချိန်းထက် ပိုမိုတင်းကြပ်ထားပြီး ရဲအချုပ်ကားကိုလည်း တရားရုံး တံခါးအဝအထိ နောက်ပြန်ထိုးထားကာ တရားရုံး၏တံခါးကို ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။

ဇွန်လ ၃ ရက်နေ့၊ ညနေပိုင်းတွင် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးကို သာမန်ထက် ပိုမိုတင်းကြပ် ထားသည့်အပြင် တရားရုံးအတွင်း ဝင်ခွင့်ကတ်ပြုလုပ်ထားသော မီဒီယာအချို့နှင့် ကျောင်းသား အချို့လည်း တရားရုံးအတွင်းသို့ ကနဦးက ဝင်ခွင့်မရရှိပေ။ တရားရုံးအတွင်း စစ်ဆေးပြီးခါနီးတွင် တချို့အား ဝင်ခွင့်ပေး ခဲ့သည်ဟု သိရသည်။

" ဒါက တရားဥပဒေနဲ့ မညီဘူး။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၃၅၂ မှာ Open Quote လေ။ လူသိရှင်ကြား ကြားနာရမှာ။ ဒီလိုမျိုးပိတ်ထားတယ်။ အထဲထဲမှာ အချုပ်ကားရဲ့ ဖင်နဲ့ တံခါးကို ပိတ်ထားပြီ ဆိုကတည်းကိုက ဥပဒေနဲ့ မညီတော့ဘူး"ဟု တရားစွဲခံရသူအချို့ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဦးအောင်စည်ထွန်းက ပြောသည်။

အထက်တန်းရှေ့နေ ဦးအောင်စည်ထွန်းက ဆက်လက်၍" ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ တာဝန် ရှိတဲ့သူတွေကို မေးခွန်းထုတ်ရဦးမယ်။ ဒါက လိုသည်ထက်ပိုတယ်။ ဒါကို တရားရုံးမှာလည်း ပြောပြထားတယ်။ နောက်တစ်ချိန်းမှာ မီဒီယာဆိုရင်လည်း မီဒီယာ ၅ ဦး တရားခွင်မှာ လာပြီးတော့ နားထောင်ဖို့၊ နောက်ပြီးတော့ ကလေးတွေဘက်က မိသားစုဝင် တစ်ယောက်ကို ၂ ယောက်နှုန်းနဲ့ စုစုပေါင်း ၁၄ ယောက် ဝင်နားထောင်ဖို့၊ တရားလိုဘက်ကလည်း ၂ ယောက်နှုန်း ဝင်နားထောင်ဖို့။ ဒါညှိထားတယ်။ တရားရုံးရဲ့ လုံခြုံရေးကလည်း လိုအပ်လို့ အဲ့ဒီလိုမျိုးစီမံလိုက်တယ်"ဟု ပြောသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၇ ဦးကို ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ်တရားရုံး၌ ပထမဆုံးရုံးထုတ်ခဲ့ရာတွင် လာရောက်ဝန်းရံသူတို့နှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့အကြား ရုန်းရင်းဆန်းခတ် ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့  လုံခြုံရေးအခြေအနေ ပိုမိုတင်းကြပ်လာခြင်းလည်းဖြစ်သည်။

" ကျွန်တော်တို့ ရုံးထုတ်ကို ဒီလိုမျိုးတင်းကြပ်လာတယ်။ ဒီလိုတင်းကြပ်တာတွေ လုပ်နေတာက စစ်တပ်က ပါနေတာမျိုးဖြစ်သလို၊ ရဲကလည်း လုပ်နေတာမျိုးဖြစ်တယ်။ ဒီကနေ့ဆိုရင် တရားသူကြီးအနေနဲ့ စစ်တပ်ရော၊ ရဲရော လုပ်ဆောင်မှုတွေအပေါ်မှာ ပါဝင်ပြီးတော့ ထောက်ခံနေသလားတောင် ကျွန်တော်တို့ ယူဆရဖို့ မြင်ပါတယ်"ဟု ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုဇေယျာလွင်က တရားခွင်မှ အထွက် ရဲအချုပ်ကား ပေါ်မှ ပြောဆိုခဲ့သည်။

ထိုသို့ လုံခြုံရေးတိုးမြှင့်ထားမှုအခြေအနေနှင့်ပတ်သက်ပြီး  မီဒီယာများက ရဲအရာရှိများကို လိုက်လံမေးမြန်းခဲ့ သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုငြိမ်းချမ်းစိုး၊ မဆုရတနာမြင့်တို့နှစ်ဦးနှင့် မရမ်းကုန်းမြို့နယ်တွင် အမှုရင်ဆိုင် နေရသော ကိုဇေယျာလွင်တို့ ၅ ဦး စုစုပေါင်း ၇ ဦးကို ရေတပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ဗိုလ်တထောင် ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)တို့ဖြင့် အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်သည်။

တပ်မတော်ဘက်မှ ထိုသို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းမှာ ဧပြီလ ၁၃ ရက်နေ့၊ (သင်္ကြန်အကြိုနေ့) ညပိုင်းက ရန်ကုန်မြို့ ၄၇ လမ်းထိပ်တွင် ဖျော်ဖြေခဲ့သည့် သရုပ်ပြမှုများကြောင့်ဖြစ်သည်ဟု ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့သည် ဧပြီ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) ညပိုင်းက ရန်ကုန်မြို့ ၄၆ လမ်းရှိ ဗမာသစ်မဏ္ဍပ်တွင် လာရောက်ဖျော်ဖြေခဲ့သော်လည်းဖျော်ဖြေခွင့်မရရှိသောကြောင့် ၄၇ လမ်းထိပ်တွင်သာ ဖျော်ဖြေခဲ့ပြီး ယင်းဖျော်ဖြေမှုတွင် တပ်မတော်နှင့် ပတ်သက်သည့် သရုပ်ပြမှုများပါဝင်သည်။

ယခုရုံးချိန်းကို ဆက်လက်စစ်ဆေးရန်အတွက် ဗိုလ်တထောင်မြို့နယ်တရားရုံးမှ ဇွန်လ ၁၀ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required