ဥရောပရဲ့ ပထမဆုံးသော ရေအောက် စားသောက်ဆိုင် နော်ဝေတွင် ဖွင့်လှစ်

ဥရောပရဲ့ ပထမဆုံးသော ရေအောက် စားသောက်ဆိုင် နော်ဝေတွင် ဖွင့်လှစ်

ဇွန် ၃ ။             ။ ဥရောပဒေသမှာ ပထမဆုံးဖြစ်တဲ့ ရေအောက် စားသောက်ဆိုင်ကို ယခုအခါ နော်ဝေနိုင်ငံတွင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

နော်ဝေနိုင်ငံရဲ့ တောင်ဘက်စွန်း ကမ်းရိုးတန်းမှာ ဖွင့်လှစ်လိုက်တဲ့ ယင်း ရေအောက် စားသောက်ဆိုင်မှာတော့ ကြီးမားလှတဲ့ ၃၆ စတုရန်းမီတာရှိ ပြတင်းတံခါးပေါက်ကနေတဆင့် ပင်လယ်ရေအောက်က ရပ်သပ်ရှုမောဖွယ် မြင်ကွင်းနဲ့အတူ ရေအောက်သက်ရှိတွေကို ရှုမြင်ခံစားနိုင်မှာ ဖြစ်ပါတယ်။

Under လို့ အမည်ပေးထားတဲ့ ယင်း စားသောက်ဆိုင်ကိုတော့ နော်ဝေ တောင်ပိုင်းစွန်းက Lindesnes မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ယင်း ရေအောက် စားသောက်ဆိုင်မှာ တပ်ဆင်ထားတဲ့ အထူ ၂၆ စင်တီမီတာရှိ မှန်ပြတင်းတံခါးကတော့ မုန်တိုင်းဒဏ် ခံနိုင်အောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး အဆောက်အအုံတစ်ခုကိုလည်း ဖိအားဒဏ်ခံနိုင်အောင်၊ ကြမ်းတမ်းတဲ့ ပင်လယ်ရေအောက် အခြေအနေတွေကိုခံနိုင်အောင် အထူး ဒီဇိုင်းထုတ် တည်ဆောက်ထားတယ်လို့ သိရပါတယ်။

ယင်း စားသောက်ဆိုင်ကို လာတဲ့ စားသုံးသူ ဖောက်သည်တွေအနေနဲ့ ပင်လယ်ကမ်းခြေ ပေါ်က လျှောက်လမ်းတစ်ခုထဲကနေ ဝင်ရမှာဖြစ်ပြီး ယင်းကနေတဆင့် အောက်ကို ဆင်းသွားပြီးမှ ရေအောက် စားသောက်ဆိုင်ခန်းကို ရောက်ရှိမှာဖြစ်ပါတယ်။

ယင်း ရေအောက် စားသောက်ဆိုင်ရဲ့ စားသောက်ခန်းရဲ့ အကျယ်အဝန်းကတော့ လူ လေးဆယ်လောက် စားသောက်နိုင်လောက်အောင် ကျယ်ဝန်းတယ်လို့ သိရပါတယ်။

ယင်း စားသောက်ဆိုင်မှာ တည်ခင်းရောင်းချမယ့် မီနူးထဲမှာတော့ ဟင်းပွဲ ၁၆ ပွဲကနေ ၁၈ ပွဲအထိ ပါဝင်ပြီး တစ်ဦးကို ၂၅၆ ဒေါ်လာအထိ ကျသင့်နိုင်တယ်လို့ သိရပါတယ်။ ၀ိုင် ပါ မှာမယ်ဆိုရင်တော့ ယင်းထက် နှစ်ဆလောက် တက်သွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုကနေ လာမယ့် ခြောက်လအထိ ယင်းဆိုင်မှာ စားသောက်ဖို့အတွက် ကြိုတင်စာရင်းသွင်းထားသူတွေနဲ့ အပြည့်ရှိနေကြောင်း သိရပါတယ်။
In Norway, sea of wonder at Europe's first underwater restaurant

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required