နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းကာ RCSSက အပစ်ရပ်စာချုပ်ထိုးမည်ဟုထုတ်ပြန်

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းကာ RCSSက အပစ်ရပ်စာချုပ်ထိုးမည်ဟုထုတ်ပြန်
RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးယွက်ဆစ်။ (ဓာတ်ပုံ-သိင်္ဂီထွန်း)

ချင်းမိုင်၊ အောက်တိုဘာ ၈ ။ ။ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော်(RCSS/SSA)က ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအား တည်ဆောာက်နိုင်ရန် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းများဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေးအားရှေ့ရှု၍ အန်စီအေကို လက်မှတ်ရေးထိုးသွားမည်ဟု အောက်တိုဘာ ၈ရက်တွင် ထုတ်ပြန်လိုက်သည်။

သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်အတူ အောက်တိုဘာ ၁၅ရက်တွင် လက်မှတ်ရေးထိုးမထိုး အတိအကျကိုမူ ထုတ်ပြန်ချက်တွင် ထည်သွင်းထားခြင်း မရှိပေ။ RCSS/SSAသည် ယနေ့ အောက်တိုဘာ ၈ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ရှိနေသည်။

“တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူချက်စာချုပ်ပေါ် RCSS/SSAသည် ကြိုဆို ထောက်ခံလျှက် အပြန်အလှန် လိုက်နာဆောင်ရွက်သွားရန် သဘောတူညီထောက်ခံသည်" ဟု ဆိုသည်။

ယင်းအပြင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး၍ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဝိုင်းဝန်းပါဝင်ကာ ညှိနှိုင်းအဖြေရှာသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထို့ပြင် နိုင်ငံရေးပြဿနာများသည် စည်းလုံး ညီညွတ်စွာ အတူတကွ ပူးတွဲနေထိုင်နိုင်ရေးအတွက် အပြန်အလှန် ယုံကြည်မှုများ တည်ဆောက်ကြရန် လိုအပ်ပြီး နိုင်ငံတော် အခြေခံ ဥပဒေပြုပြင် ပြောင်းလဲရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ် မိုင်းပန်၊ မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ နမ့်စန်၊ ပင်လုံ၊ လွယ်လင်၊ မိုင်းပြင်း၊ ရပ်စောက်၊ လဲချား၊ မိုင်းကိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ မိုင်းကိုး၊ ကျေးသီး၊ ကွန်ဟိန်း၊ ကျိုင်းလုံး၊ ကျိုင်းတောင်၊ မိုင်းပူးလုံ(မိုင်းပုကြီး) မိုင်းပူးအွန်( မိုင်းပုလေး)၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းတုံ အစသည့် မြို့နယ်များမှ ယခင်ကတည်းက အခြေချလှုပ်ရှားနေထိုင်လျက်ရှိသော မိမိတို့၏ တပ်ဖွဲ့ဝင်များအား အစိုးရ စစ်တပ်က အကြောင်းပြချက်အမျိုးမျိုးဖြင့် လိုက်လံရှာဖွေတိုက်ခိုက်မှုများအား မပြုပါရန်နှင့် သဘောထား ကွဲလွဲမှုများနှင့် ဖြစ်ပေါ်လာသည့် ပြဿနာများ၊ ဆက်ဆံရေးရုံးများမှတဆင့်သာ ညှိနှိုင်းဖြေရှင်းရန် အစိုးရ နှင့် တပ်မတော်ကို RCSSက ဆောင်းဆိုထားသည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ခြင်း သုံးနှစ် ကျော်ကာလတာရှိခဲ့သော်လည်း တပ်မတော် မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးသဘောတူညီချက်များအား ချိုးဖောက်ကာ မိမိတို့၏ တပ်များအား လိုက်လံ တိုက်ခတ်ခဲ့သဖြင့် တိုက်ပွဲ အကြိမ်ပေါင်းမြောက်များစွာ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု ဆိုထားသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော်(RCSS/SSA)သည် ပြည်ထောင်စု ငြိမ်းချမ်ေးရးဖော်ေ်ဆာင်ရေးလုပ်ငန်းကော်မတီနှင့် လက်မှတ်ရေးထိုးခဲ့သည်။

RCSS/SSA သည် သမ္မတ ဦးသိန်းစိန်၏ အန်စီအေ လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်မှုအပေါ် လက်ခံကြောင်း အခြား ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA)နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC) အဖွဲ့တို့နှင့်အတူ ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်က သဘောထားထုတ်ပြန်ခဲ့သည်။

လက်ရှိ KNU,DKBA,/KNLA-PC အပါအဝင် ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)တို့ ၇ ဖွဲ့က လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးရန် သဘောတူညီထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags