UWSA ၏ စစ်ရေးပြအခမ်းအနားသည် စင်ပြိုင်တပ်မတော်ပုံစံ ဖြစ်နေပြီး ငြိမ်းချမ်းရေးလိုချင်၍ အစွမ်းကုန် သည်းခံနေရဟု တပ်မတော် ပြော

UWSA ၏ စစ်ရေးပြအခမ်းအနားသည် စင်ပြိုင်တပ်မတော်ပုံစံ ဖြစ်နေပြီး ငြိမ်းချမ်းရေးလိုချင်၍ အစွမ်းကုန် သည်းခံနေရဟု တပ်မတော် ပြော
ပန္ဆန်းမြို့တြင် က်င်းပခဲ့သည့် UWSA ၏ စစ်ရျေးပအခမ်းအနား (ဓာတ္ပုံ- လင်းဘိုဘို/အီးပီအေ)

နေပြည်တော်(ဇွန်လ ၂ရက်၊ ၂၀၁၉ခုနှစ်)။ ။ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှစ်(၃၀)ပြည့် အခမ်းအနားတွင် ထည့်သွင်းခဲ့သည့် စစ်ရေးပြ အခမ်းအနားသည် စင်ပြိုင် အစိုးရ၊ စင်ပြိုင် တပ်မတော် ပုံစံ ဖြစ်နေပြီး ငြိမ်းချမ်းရေးလိုချင်၍ အစွမ်းကုန် သည်းခံနေခြင်းဖြစ်ကြောင်း တပ်မတော်ဘက်က ပြောကြားလိုက်သည်။

ဧပြီလ ၁ရရက်က ၎င်းတို့ ထိန်းချုပ်ရာ ပန်ဆန်းတွင် UWSA က စစ်လက်နက်ပစ္စည်း အပြည့်အစုံဖြင့် ချီတက်ကာ စစ်ရေးပြအခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီစစ်ရေးပြအခမ်းအနား ကြည့်ခြင်းအားဖြင့် ‘ဝ’ အနေနဲ့တော့ စင်ပြိုင်အစိုးရ သဘောမျိုး၊ စင်ပြိုင် တပ်မတော် ပုံစံမျိုး ဆောင်ရွက်တာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီအခမ်းအနားကို တပ်မတော်အနေနဲ့ တက်ရောက်ခြင်း မရှိပါဘူး။ နောက်တစ်ခုကတော့ ဒါသည် တပ်မတော်အနေနဲ့ အစွမ်းကုန် သည်းခံထားတဲ့ အနေအထားဖြစ်တယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ဇွန်လ ၂ရက်က ကျင်းပပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် စိုးနိုင်ဦးက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“တပ်မတော်က တစ်ခုပဲ ရှိတယ်၊ ငြိမ်းချမ်းရေးကို လိုချင်နေလို့။ ဒါ့ကြောင့် ကျွန်တော်တို့က တစ်ချို့ဟာလေးတွေမှာ အစွမ်းကုန် သည်းခံနေတာ” ဟု ၎င်းက ဆိုသည်။

လက်နက်ကိုင်အားလုံးနီးပါး စစ်ရေးပြနေကျဖြစ်ပြီး မထူးဆန်းကြောင်းနှင့် ယခု ပြောဆိုချက်သည် တပ်မတော်၏ ကဏ္ဍသာ ဖြစ်ကြောင်း UWSA ၏ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက တုံ့ပြန် ပြောကြားသည်။

“တို့ ‘ဝ’ အဖွဲ့အနေနဲ့ တပ်မတော် အပါအဝင် အခြား လက်ကိုင်ကိုင်အဖွဲ့များကို မိတ်ဆွေလို အမြဲ သဘောထားပါတယ်။ တပ်ပိုင်း ဘာပြောပြော တပ်ပိုင်းကိစ္စသာ ဖြစ်တယ်။ ဘယ်သူ့ကိုမှ ရန်လိုတဲ့ သဘောနဲ့ ငြိမ်းချမ်းရေးနှစ် (၃၀)ပြည့်ပွဲတော် ကျင်းပခဲ့တာ မဟုတ်ဘူး” ဟု ဦးညီရန်းက မဇ္ဈိမကို ပြောသည်။

UWSA က ၎င်းတို့၏ နှစ်(၃၀)ပြည့် အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင််လှိုင်တို့ကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခဲ့ခြင်း မရှိပေ။

အဆိုပါ အခမ်းအနားတွင် UWSA ခေါင်းဆောင် ဦးပေါက်ယူချန်းက ၎င်းတို့ အစဉ်တစ်စိုက် တောင်းဆိုလာသည့်အတိုင်း ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းကို ‘ပြည်နယ်’ အဖြစ် သတ်မှတ်ပေးရန် ပြောကြားခဲ့သည်။

တပ်မတော်ဘက်ကမူ UWSA အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန် လိုကြောင်း ပြောကြားထားသည်။

ယခုလကုန်တွင် ကျင်းပရန် ရှိနေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့တွင် ကျင်းပမည့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၏ နှစ် (၃၀)ပြည့် အခမ်းအနားနှင့်ပတ်သက်၍လည်း ဗိုလ်ချုပ် စိုးနိုင်ဦးက “သူတို့ ခေါင်းဆောင်ကိုယ်တိုင်လည်း ကျွန်တော်တို့ကို ဖိတ်မယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမယ့်လို့ ကျွန်တော်တို့အနေနဲ့ တက်၊ မတက်ကတော့ သူတို့ရဲ့ ဆောင်ရွက်မှုအပေါ်မှာပဲ မူတည်ပြီး စဉ်းစားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required