နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ချက်သမ္မတနိုင်ငံသို့ ရောက်ရှိနေ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ချက်သမ္မတနိုင်ငံသို့ ရောက်ရှိနေ
ဒေါ်အောင်ဆန်းစုကြည် ဇွန် ၁ ရက်နေ့က ချက်နိုင်ငံသို့ နေပြည်တော်မှ ထွက်ခွာသွားစဉ်။ ဓာတ်ပုံ-MOFA

ဇွန် ၂ ။            ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်ဝန်ကြီးချုပ် မစ္စတာအန်ဒရီးဘားဘီးစ်၏ ဖိတ်ကြားချက်အရ ဇွန်လ ၂ ရက်မှ ၄ ရက်အထိ ချက်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည်။

အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် နှစ်နိုင်ငံကြား ဆက်ဆံရေး၊ စီးပွားရေး၊ကုန်သွယ်ရေးဆိုင်ရာများ၊ ရင်းနှီးမြှုပ်နှံမှုများ ဆွေးနွေးကြမည်ဟု မျှော်လင့်ရကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ချက်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံရန် ရှိနေသည့် အပြင် ချက်သမ္မတ မိုင်လို့စ်ဇဲမန်နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြောင်းလည်း သိရသည်။

ချက်နှင့်မြန်မာ နှစ်နိုင်ငံအကြား ၂၀၁၅ ခုနှစ်ကတည်းက ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာများ ပူးပေါင်း လုပ်ဆောင်ရန် နေပြည်တော်တွင် သဘောတူလက်မှတ်ရေးထိုးထားသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်က ချက်သမ္မတနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Jan Mla’dek နှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံကာ ကုန်သွယ်မှု၊ စက်မှုနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ အပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

လာမည့် ဇွန်လ ၅ ရက်နှင့် ၆ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံသို့ ဆက်လက် သွားရောက်ရန် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly