ဆန်တန်ချိန်တစ်သောင်းကို တရုတ်သို့ တင်ပို့ရန် သဘောတူညီမှုရ

ဆန်တန်ချိန်တစ်သောင်းကို တရုတ်သို့ တင်ပို့ရန် သဘောတူညီမှုရ
ဓာတ်ပုံ - EPA

ရန်ကုန် ၊ ဇွန် ၂ ။               ။ တရုတ်နိုင်ငံသို့ ဆန်တန်ချိန်တစ်သောင်း တင်ပို့ရောင်းချရန် မေ ၃၁ ရက်နေ့က နှစ်နိုင်ငံကုမ္ပဏီများအကြား သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ စိုးထွန်းက မဇ္စျိမသို့ ပြောသည်။

“လက်မှတ်ထိုးလိုက်တဲ့ တန်တစ်သောင်းက အစိုးရချင်း ထိုးတာ မဟုတ်ဘူး။ မြန်မာနိုင်ငံကကုမ္ပဏီနဲ့ တရုတ် နိုင်ငံကူမင်းက ကုမ္ပဏီနဲ့ အရောင်းအဝယ်စာချုပ် ချုပ်ခဲ့တာပါ” ဟု ၄င်းက ဆိုသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ရွှေချိုက်ကုမ္ပဏီနှင့် မြန်မာနိုင်ငံ မူဆယ်မှ ရှမ်းမြောက်ဆန်စပါးအများပိုင်ကုမ္ပဏီ တို့အကြား အရောင်းအဝယ်စာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ဆန်တန်ချိန် တစ်သောင်းကို မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ရောင်းချသွားမည် ဖြစ်သည်။

ယခုချုပ်ဆိုခဲ့သည့် စာချုပ်အရ ဆန်တန်ချိန်တစ်သောင်းအား ရက်ပေါင်း ၃၀ အတွင်း မူဆယ်နယ်စပ်မှ တဆင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ တင်ပို့ပေးရမည် ဖြစ်သည်။

ဆန် တင်ပို့ရောင်းချရာတွင် မြန်မာကုန်သည်များအား တရားဝင်လိုင်စင်ဖြင့် ခွင့်ပြုပေးထားသော်လည်း တရုတ်အစိုးရဘက်မူ ၎င်းတို့၏ ကုန်သည်များအား တရားဝင်လိုင်စင် ချထားပေးခြင်းမရှိပေ။

ယင်းအတွက်ကြောင့် ၂၀၁၈ ခုနှစ်ကုန်ပိုင်းတွင် တရုတ်ဘက်က တရားမဝင် ကုန်သွယ်မှုတားဆီးရေးကို ကိုင်တွယ်ဆောင်ရွက် ခြင်းကြောင့် မြန်မာနိုင်ငံမှ ဆန်အပါအဝင် လယ်ယာထွက်ကုန်များ တရုတ်ဘက်သို့ တင်ပို့ရာတွင် အခက်အခဲများ ကြုံနေရခြင်းဖြစ်သည်။

အဆိုပါ ပြဿနာများကြောင့် လက်ရှိတွင် တရုတ်- မြန်မာ နယ်စပ် မူဆယ်၌ ဆန်တန်ချိန် ခြောက်သောင်းခန့် ပိတ်မိနေပြီး ယခုချုပ်ဆိုနိုင်ခဲ့သည့် သဘောတူစာချုပ်အရ ဆန် တန်ချိန်တစ်သောင်း တင်ပို့နိုင်ခြင်းသည် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

သို့သော် မူဆယ်တွင် ပိတ်မိနေသည့်ဆန်များတွင် တင်ပို့ရောင်းချနိုင်ရန်အတွက် အရည်အသွေး ပြည့်မီခြင်း ရှိ၊ မရှိ ဆိုသည့် စိန်ခေါ်မှုလည်း ရှိနေသည်ဟု ၎င်းက ဆိုသည်။

ယခု သဘောတူညီမှုဖြင့် ရောင်းချခဲ့သော ဆန်တန်ချိန် တစ်သောင်းသည် နှစ်နိုင်ငံ ကုန်ပေးကုန်ယူစနစ် (ဘာတာစနစ်) ဖြင့်  မဟုတ်ဘဲ ငွေကြေးဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly