အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရေး ပွင့်ဖြူတွင် ဆန္ဒပြ

By တင်ရွှေ( မဇ္စျိမ)
01 June 2019
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရေး ပွင့်ဖြူတွင် ဆန္ဒပြ
ဓါတ်ပုံ  -  Zaw Gyi(KZ)

မကွေး၊ ဇွန် ၁ ။          ။ မကွေးတိုင်းဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၃ ဦးကို အဂတိလိုက်စားသည်ဟု လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့သော မကွေးတိုင်း မင်းဘူး-စကု-ပွင့်ဖြူ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရေးဆန္ဒပြမှု ဇွန် ၁ ရက်က ဖြစ်ပွားခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းပေးရန် ပွင့်ဖြူမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်မင်းနိုင် ဦးဆောင်၍ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး လူထုနှင့်ကင်းကွာနေသည့်အတွက်ဖြစ်ကြောင်း ဆန္ဒပြသူများဘက်မှ ဆိုသည်။

“ အဓိက ကျွန်တော်တို့ မဲဆန္ဒရှင်ပြည်သူတွေက မဲပေးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်က ကိုယ့်ဒေသမှာ ဘာမှဆောင်ရွက်ခြင်း၊ လွှတ်တော်မှာလည်း မေးမြန်းလုပ်ဆောင်ခြင်းမရှိတဲ့အတွက် ဆန္ဒပြရတာပါ။ ဒီဆန္ဒပြပွဲ က တကယ်တော့ ပါတီနဲ့ အဓိက သက်ဆိုင်တာ မဟုတ်ပါဘူး။ မဲဆန္ဒရှင်ပြည်သူတွေက တာဝန်ကျေအောင် မထမ်းဆောင်တဲ့ ကိုယ်စားလှယ် ဦးတင်အောင်ထွန်းကို ဆန္ဒပြကြတာပါ” ဟု ပွင့်ဖြူမြို့နယ်၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မင်းနိုင်က ပြောသည်။

ယနေ့ ဇွန် ၁ ရက်နေ့၊ နံနက် ၇ နာရီခွဲက ပွင့်ဖြူမြို့နယ် ပြည်လုံးချမ်းသာကွင်း၌ လူအင်အား ၁၀၀၀ ကျော် ဖြင့် စုစည်းကာ မြို့ပတ်လမ်းအတိုင်း စတင်ချီတက်ပြီး သန့်စင်လမ်း၊ ဗိုလ်ချုပ်လမ်း အတိုင်းလမ်းလျှောက်၍ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် ပွင့်ဖြူမဲဆန္ဒနယ်အတွက် အလုပ်မလုပ်သော လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် ထွန်း (အလိုမရှိ)၊ မဲဆန္ဒရှင်ပြည်သူများအား မထီမဲ့မြင်ပြုသော ကိုယ်စားလှယ်ဦးတင်အောင်ထွန်း (အလိုမရှိ)၊ ကတိသစ္စာ ဖောက်ဖျက်သော ဦးတင်အောင်ထွန်းအား လွှတ်တော်ကိုယ်စားလှယ်မှ ရုပ်သိမ်းပေးရေး (ဒို့အရေး) စသည့် ကြွေးကြော်သံများနှင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းကို ပြည်သူလူထုနဲ့ ကင်းကွာနေတဲ့အတွက် ပြည်သူ လူထုကို ကျောခိုင်းတဲ့အတွက် ကျွန်တော်တို့က ဆန္ဒပြရတာပါ။ ဝန်ကြီးချုပ်ကို တိုင်လို့ပြတာမဟုတ်ပါဘူး” ဟု ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သော ပွင့်ဖြူမြို့နယ်၊ ဇီးတောကျေးရွာမှ ကိုစိုးပိုင်က ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းဘက်မှ ပြည်သူများ မကျေနပ်ပါက ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိင်ငံ ဖြစ်သောကြောင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် ရှိကြောင်း ဆိုသည်။

 “ကျွန်တော်က ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇွန် ၁၁ ရက်နေ့က NLD ပါတီဝင်အဖြစ် မခံယူတော့တဲ့အကြောင်းကို NLD ပါတီ ဗဟိုဥက္ကဋ္ဌဆီကို စာပေးပို့ပြီးတော့ နေခဲ့တဲ့သူတစ်ဦးပါ။ ဒီလိုဖြစ်သွားတဲ့ကိစ္စရယ်၊ မကွေးတိုင်းဝန်ကြီးချုပ် အပေါ်မှာ ဥပဒေနဲ့ ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ မမှန်တဲ့ပြောဆိုမှုတွေပေါ့။ ကျွန်တော်ကပဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုက်ရိုက်ပဲ သိက္ခာကျစေချင်လို့ တိုင်လိုက်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ တစ်ချို့ သတင်းမီဒီယာတွေက ရေးသားကြ၊ ဖော်ပြကြနဲ့ဆိုတော့ အဲ့ဒီမှာတစ်ခါ၊ လူမှုကွန်ရက်မှာ ကျွန်တော့်ကို ရစရာမရှိအောင် ရုန့်ရင်းကြမ်းတမ်းစွာနဲ့ ဆဲကြဆိုကြ အစရှိသဖြင့် ဒါတွေအကုန်လုပ်ကြပြီးကာမှ ပေါ်ပေါက် လာတဲ့ ဆန္ဒပြပွဲဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်လည်း သိလိုက်ရတယ်။ အဲ့ဒီတော့ ကျွန်တော့်အနေ နဲ့ကတော့ ဘာမှ ဒီအပေါ်မှာ ထူးပြီးတော့ ခံစားနေရတာတော့ မရှိပါဘူး” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ပြောသည်။

ပြီးခဲ့သည့် မေ ၉ ရက်နေ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပ ဉ္စမနေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့သည် ရာထူးအလွဲသုံးစားပြုမှု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၃၊ ပုဒ်မ ခွဲ (ခ)အရ အထောက်အထားစာရွက် စာ ၅ စောင်နှင့် အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ ဦးတင်အောင်ထွန်းက တင်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly