ဘင်္ဂလားဒေ့ရှ်နိင်ငံသားနှစ်ဦးအပါအဝင် လူ ၅ ဦးကို ရွှေထည်မျိုးစုံ ၂၄ ကျပ်သားကျော်နှင့်အတူ ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်နိင်ငံသားနှစ်ဦးအပါအဝင် လူ ၅ ဦးကို ရွှေထည်မျိုးစုံ ၂၄ ကျပ်သားကျော်နှင့်အတူ ဖမ်းဆီး
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဇွန်လ ၁ ။               ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နယ်မြေ(၆) ၊ နတ်မြစ်အတွင်း အောင်ဗလချောင်းဝအနီး ကမ်းစပ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံပါ စက်လှေတစ်စီးပေါ်မှ ဘင်္ဂလားဒေ့ရှ်နိင်ငံသားနှစ်ဦးအပါအဝင် လူ ၅ ဦးကို ရွှေထည်ပစ္စည်းမျိုးစုံ ၂၄ ကျပ်သားကျော်နှင့်အတူ ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာလူခါလီဒုက္ခသည်စခန်းတွင် နေထိုင်သော အသက် ၂၅ နှစ်အရွယ် ဆော်ဒူလာမိန် (ယခင်မောင်တောမြို့နယ်၊ အောင်စစ်ပြင်ကျေးရွာအုပ်စု၊ ဘူဘာကျေးရွာနေသူ)အပါအဝင် အမျိုးသား ၃ ဦးနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ တက္ကနာဖ်မြို့၊ ဇိုက်လားကျေးရွာတွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် နိုရ်အာလောင်နှင့် အပေါင်းအပါ ၂ ဦးတို့အား ရွှေထည် ပစ္စည်းများနှင့် အတူဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဇွန်လ ၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန် ထားသည်။
 

ဖမ်းဆီးရမိခဲ့မှုတွင် ရွှေဆွဲကြိုး ၉ ကုံး၊ ဟန်းချိန်း ၁ ခု၊ ဘယက် ၁ ကုံး၊ ဆံညှပ် ၁ ခု၊ လက်ကောက် ၉ ကွင်း၊ ဆွဲပြား ၁၀ ပြား၊ လက်စွပ် ၁၂ ကွင်း၊ နားကွင်း ၄ ကွင်း၊ နားကပ် ၁ ကွင်း၊ နားသီး ၁၀ ရံ၊ နားဆွဲ ၁၀ ရံနှင့် စုစုပေါင်း ရွှေထည်ပစ္စည်း မျိုးစုံ ၂၄ ကျပ်သား ၁၂ ပဲ(တန်ဖိုး-စိစစ်ဆဲ)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် နတ်မြစ်အတွင်း အောင်ဗလချောင်းဝအနီးကမ်းစပ်၌ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအလံပါ စက်လှေ ၁ စီးသည် ဝါးဖောင်တစ်ခုအား မြန်မာနိင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တွန်းယူနေသည်ကိုတွေ့ရှိသဖြင့် တပ်မတော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ အောင်ဗလချောင်းဝရဲကင်းစခန်းတို့ ပူးပေါင်းအဖွဲ့က အောင်ဗလချောင်းဝရဲကင်းစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာမှ ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

၎င်းတို့ကို ရဲတပ်ဖွဲ့မှ စစ်မေးထားချက်အရ အဆိုပါ ရွှေထည်ပစ္စည်းများကို မောင်တောမြို့နယ် မြို့မကညင် တန်းရပ်တွင် နေထိုင်သော အဏ္ဏာဝါဟူဆိမ်းဆိုသူမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ပို့ဆောင်ရန် သိုဝှက် သယ်ဆောင်၍ အမှတ်(၁) ဝင်/ထွက်စစ်ဆေးရေးဂိတ်မှ တရားဝင်ထွက်ခွာခဲ့ကြောင်းသိရသည်။

ထို့နောက် စက်လှေ ၁ စီးဖြင့် နတ်မြစ်အတွင်းလာရောက်ကာ ၎င်းတို့ထံသို့ ရွှေထည်ပစ္စည်းများအား လွှဲပြောင်း ပေးအပ်၍ တိမ်းရှောင်သွားကြောင်းသိရှိရသဖြင့် လက်ရှိတွင် ဖမ်းဆီးထားသူ ဆော်ဒူလာမိန်ပါ  ၅ ဦးနှင့် အဏ္ဏာ ဝါဟူဆိမ်းတို့အား ပြင်ဖြူနယ်မြေရဲစခန်းတွင်  (ပ)၁၈/၂၀၁၉၊ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required