နောက်ဆုံးထုတ်ပြန်မည့် မဲစာရင်းအချောသာဖြစ်ပြီး ပြင်ဆင်ခွင့်မရှိတော့ဟုပြော

နောက်ဆုံးထုတ်ပြန်မည့် မဲစာရင်းအချောသာဖြစ်ပြီး ပြင်ဆင်ခွင့်မရှိတော့ဟုပြော

ရန်ကုန်၊ အောက်တိုဘာ ၇။ ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးနိုင်သူများ၏ မဲစာရင်းကို နောက်ဆုံးအဖြစ် အချောကိုသာ ထုတ်ပြန်တော့မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးညွှန့်တင်က အောက်တိုဘာ ၇ ရက်တွင် မဇ္ဈိမကိုပြောသည်။

"နောက်ထပ်ထုတ်ဖို့ဆိုတာ အချောစာရင်းပဲ ရှိတော့မယ်။ အခု ၁၄ရက်ကြေငြာပြီးသွားတော့ စာရင်းချော လုပ်မှာပေါ့။ လျှောက်ထားတာတွေထည့်ပြင်စရာရှိပြင်ပြီးသွားရင် အချောစာရင်းထုတ်ပေးမှာ။ မဲစာရင်းပါတဲ့လူပုဂ္ဂိုလ်မှန်ရင်တော့ မဆုံးရှုံးဘူး။ မပါလို့ ထည့်ပေးပါဆိုရင်တော့ မရတော့ဘူး။ ကန့်ကွက်ချင်လည်း မရတော့ဘူး။" ဟု ၎င်းကဆိုသည်။

တတိယအကြိမ် မဲစာရင်းများကို ထုတ်ပြန်ခဲ့သည်မှာ စက်တင်ဘာ ၂၇ ရက်နေ့က ၁၄ ရက် ပြည့်သွားပြီဖြစ်သော်လည်း ရေနစ်မြှုတ်ဒေသများအတွက်မူ အောက်တိုဘာ ၁၀ ရက်အထိ တိုးထားပေးသည်။

မဲစာရင်းများပြုစုခြင်းနှင့်ပတ်သက်ပြီး ပြန်လည်ဖြေကြားပေးလေ့ရှိသူ ကော်မရှင်အဖွဲ့ဝင်ဖြစ်သည့် ဦးဝင်းကြည်ကမူ မဲစာရင်းအချက်အလက်အမှားများ ပြင်ဆင်နိုင်ရန်၊ မပါသေးသူများ ပြန်လည်လျောက်ထား ဖြည့်သွင်းရန်အတွက် မဲစာရင်းကို ထပ်မံထုတ်ပြန်ပေးရန် ရှိမရှိ မဇ္ဈိမက မေးမြန်းရာ "မသိသေးပါဘူး။ မပြောနိုင်သေးပါဘူး။" ဟုသာ ပြန်လည်ဖြေကြားသည်။

အချောသတ်ပြန် မဲစာရင်းများကို ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်ပေးမည်ဖြစ်သော်လည်း မဲစာရင်းများတွင် မပါဝင်ပါက ပြန်လည်ထည့်သွင်းရန် လျောက်ထားခွင့်ရမည်မဟုတ်ပေ။ အမည်ပါသော်လည်း အချက်အလက်မှားယွင်းမှုပါကမူ မဲပေးခွင့်ဆုံးရှုံးမည်မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်ထိ ထုတ်ပြန်သည့် မဲစာရင်းတွင်လည်း မဲဆန္ဒနယ်အသီးသီးတွင် အမှန်တစ်ကယ် နေထိုင်သည့် မဲပေးနိုင်သူဦးရေထက် ပိုမိုပါဝင်နေခြင်း၊ မဲစာရင်းတွင် အမည်မပါဝင်သေးသူများ ရှိနေသေးသည်။

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်က "မဲစာရင်းပိုနေတာတွေကို ကန့်ကွက်ပေမယ့် ကာယကံရှင် ကိုယ်တိုင်ပြန်ထုတ်မှ ရမယ်လို့ပြောတယ်။ အဲဒီအတွက် ဒီစာရင်းတွေကနေပြီး တစ်ခြား အလွဲသုံးမရအောင် ကြိုတင်မဲပေးတဲ့နေရာမှာ သေချာကြည့်ဖို့တော့ ပြင်ဆင်ထားတယ်။" ဟု မဇ္ဈိမကို ပြောသည်။

တောင်ဥက္ကလာပမြို့နယ် မဲစာရင်းတွင် မြို့နယ်အတွင်း အမှန်တစ်ကယ်နေထိုင်ခြင်း မရှိသည့် ဆန္ဒမဲပေးခွင့်ရှိသူ ရှစ်သောင်းကျော်အပိုပါဝင်နေသည်ဟု ၎င်းကဆိုသည်။

နေပြည်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဗဟိုအချက်အလက်ထိန်းသိမ်းသည့်နေရာတွင်မူ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၃၂ သန်းကျော် ရရှိထားပြီဖြစ်ကြောင်း ကော်မရှင်ကပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required