ဦးဝီရသူ သွားလာတတ်သည့် နေရာများကို မန္တလေးရဲတပ်ဖွဲ့ လိုက်လံ စုံစမ်းနေ

ဦးဝီရသူ သွားလာတတ်သည့် နေရာများကို မန္တလေးရဲတပ်ဖွဲ့ လိုက်လံ စုံစမ်းနေ
(ဓာတ္ပံု- အီးပီေအ)

နေပြည်တော်(မေလ ၃၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က)ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသည့် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝီရသူ ဖမ်းဆီးရမိရေးအတွက် မြို့ဝင်၊ မြို့ထွက်များနှင့် ၎င်းသွားလာတတ်သည့် နေရာများကို စုံစမ်းရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့၊ ကားပါကင်တွင် ပြုလုပ်ခဲ့သော ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲတွင် ဦးဝီရသူ၏ ဟောပြောချက်အပေါ် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က)ဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် အနောက်ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မေလ ၂၈ရက်တွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

“ရန်ကုန်သွားတယ်၊ မသွားဘူးဆိုတာတော့ ကျွန်တော်တို့ မသိဘူး။ ဆရာတော် သွားလာနိုင်တဲ့ ကျောင်းတိုက်တွေ၊ သွားလာနိုင်တဲ့ နေရာတွေ၊ ကားဂိတ်တွေကို စုံစမ်း၊ ရှာဖွေလျက် ရှိပါတယ်” ဟု ရဲမှူးချုပ် စိန်လွင်က ပြောသည်။

ဦးဝီရသူကို အုပ်ချုပ်ရေးပိုင်းက ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုထားသလို ၎င်း၏ ဟောပြောမှုများအတွက် ဆုံးမဩဝါဒပေးရန် သံဃအဖွဲ့အစည်းတွင် အမြင့်ဆုံးဖြစ်သည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကလည်း ညွှန်ကြားထားသည်။

ထို့ကြောင့် ယခုလ ၃ဝရက်၊ မွန်းလွဲ ၂နာရီတွင် ရွှေတိဂုံစေတီတော်အနီးရှိ တိုင်းသံဃနာယကအဖွဲ့ရုံးတွင် ပြုလုပ်မည့် ‘ဩဝါဒပေးပွဲ’ သို့ ကြွရောက်ရန် ယခုလ ၂၂ရက် ရက်စွဲဖြင့် ရန်ကုန်တိုင်းသံဃနာယကအဖွဲ့၊ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိက ဦးဝီရသူထံ အကြောင်းကြားခဲ့သည်။

သို့ရာတွင် အဆိုပါ ဆုံးမဩဝါဒပေးရန် ခေါ်ယူထားခြင်းအား တိုင်းသံဃနာယကအဖွဲ့က အခြေအနေအရ ဆိုင်းငံ့ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မေလ ၂၉ရက်တွင် ထုတ်ပြန်ထားသည်။
 
ဦးဝီရသူကမူ ၎င်းအနေဖြင့် ရန်ကုန်တွင် ရှိနေကြောင်းနှင့် ဩဝါဒပေးပွဲသို့ လာရောက်မည်ဟု မီဒီယာအချို့ကို မေလ ၃ဝရက်က ဖြေကြားခဲ့သည်။ သို့ရာတွင် ဦးဝီရသူ လာရောက်ခြင်း မရှိခဲ့ပေ။

လက်ရှိတွင် မန္တလေးတိုင်း၊ ရဲတပ်ဖွဲ့က မေလ ၃ဝရက်နှင့် ၃၁ရက်(ယနေ့)တို့တွင် ဦးဝီရသူ၏ မစိုးရတိုက်သစ်သို့ သွားရောက်ကာ ဦးဝီရသူကို ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ကြောင်း ရဲမှူးချုပ် စိန်လွင်က ပြောသည်။

“သွားပြီး ရှာကြည့်ပါတယ်။ မရှိတော့ပါဘူး။ ဆရာတော် ဦးဝီရသူ Surf ကားအပြားနဲ့ ဖိနပ်တွေ ရှိသော်လည်းပဲ ဆရာတော်က မရှိတော့ပါဘူး။ ကားတွေလည်း ယူမသွားပါဘူး။ ခန်းနေဆရာတော် ဦးဇဝနကတော့ ပြောပါတယ်။ ညတုန်းကတော့ ဘယ်အချိန်ထွက်သွားမှန််း မသိလိုက်ဘူးလို့ မိန့်ကြားတယ်။ ထွက်သွားတဲ့ အချိန်ကိုတော့ မသိလိုက်ဘူး ပြောတယ်။ ရန်ကုန်သွားတယ်၊ မသွားဘူး။ ကျွန်တော်တို့ မသိရဘူး” ဟု ၎င်းက ဆိုသည်။

ဦးဝီရသူကို ဖမ်းဆီးရမိခြင်း မရှိသေးခင်မှာပင် ရန်ကုန်အမျိုးသားရေးတက်ကြွလှုပ်ရှားသူ သံဃာတော်အချို့နှင့်လူပုဂ္ဂိုလ်အချို့က ဦးဝီရသူအတွက် ဆုတောင်းပွဲများကို မေလ ၃ဝရက်နှင့့်၊ ၃၁ရက်တို့တွင် နှစ်ရက်ဆက်တိုက် ရန်ကုန်မြို့ ရွှေတိဂုံစေတီတွင် ပြုလုပ်ခဲ့ကြသည်။

ဦးဝီရသူနှင့် ဆက်စပ်ပြီး နိုင်ငံအတွင်း တည်ငြိမ်၊ အေးချမ်းမှုကို ထိခိုက်လာနိုင်သည့် အနေအထား ရှိပါက ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား လုပ်ဆောင်မည်ဟု နိုင်ငံတော်သမ္မတရုံး၊ ပြောခွင့်ရသူ ဦးဇော်ဌေးက နေပြည်တော်တွင် ယနေ့ ပြောကြားသည်။

“တရားဥပဒေစိုးမိုးရေးနဲ့အညီ ဥပဒေနဲ့အညီ ဆောင်ရွက်မှာ ဖြစ်တယ်။ ဒီအပေါ်မှာတော့ လျှော့လို့မရဘူး။ ကြီးသည်ဖြစ်ဖြစ်၊ ငယ်သည်ဖြစ်ဖြစ်၊ ဒီနိုင်ငံ တည်ငြိမ်၊ အေးချမ်းရေးကို ထိခိုက်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်ဆိုရင်တော့ ကျွန်တော်တို့က ဥပဒေနဲ့အညီ တိတိကျကျ ပြတ်ပြတ်သားသား လုပ်ရမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဧပြီ ၂၉ရက်က မြိတ်မြို့တွင် ပြုလုပ်သည့် ၅၉(စ)မပြင်ဆင်ရေး ဆန္ဒပြပွဲတွင် ဦးဝီရသူက ‘‘မိတ်ကပ်လေးလိမ်းဖို့ လောက်တတ်၊ ဖက်ရှင်လေးဝတ် ဖို့လောက်တတ်၊ ဒေါက်မြင့်လေး နဲ့ ကော့ကော့လျှောက်သွားဖို့ လောက်တတ်၊ ဒီကြားထဲ နိုင်ငံ ခြားသားတွေ တွေ့ရင်...ကယမ်း ချင်သေးတယ်။ ဒီလောက်သရမ်း နေတဲ့ ဟာကြီးကို သမ္မတတင်ချင် သေးတယ်။ သေရောပေါ့ဗျာ ကျုပ်တို့နိုင်ငံ။ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ သေချာပေါက်’’ ဟု ဟောပြောခဲ့သည်။
 
မေလ ၅ရက်က ရန်ကုန်မြို့တွင်လည်း ဦးဝီရသူက လွှတ်တော်အတွင်းရှိ တပ်မတော်သားများကို ဘုရားလို ကိုးကွယ်သင့်ကြောင်း ပြောဆိုခဲ့သည်။
 
ဦးဝီရသူသည် အမုန်းတရားများနှင့် ဘာသာရေးအဓိကရုဏ်းဖြစ်စေနိုင်သည့် ဟောပြောမှုများကို ဒေသအသီးသီးတွင် ဟောပြောခဲ့ခြင်းကြောင့် ၂၀၁ရခုနှစ်၊ မတ်လအတွင်း နိုင်ငံတော်သံဃမဟာနယာကအဖွဲ့က ၎င်းကို တရားဟောခွင့် တစ်နှစ် ပိတ်ပင်ခဲ့သေးသည်။
 
ထို့ပြင် ဦးဝီရသူကို အမုန့်စကားများ ဖြန့်သည်ဟုဆိုကာ Facebook ကလည်း ၎င်းတို့၏ ဝန်ဆောင်မှုများကို အသုံးပြုခွင့် ပိတ်ပင်ကြောင်း ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလက ကြေငြာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required