ဦးဇခုန်တိန့်ယိန်း တားမြစ်ထားသည့် နယ်မြေထဲသို့ ပါတီများ စည်းရုံးရေးဆင်းမည်

ဦးဇခုန်တိန့်ယိန်း တားမြစ်ထားသည့် နယ်မြေထဲသို့ ပါတီများ စည်းရုံးရေးဆင်းမည်

ရန်ကုန်၊ အောက်တိုဘာ ၇။ ။ NLD ပါတီမှ စက်တင်ဘာ ၂၂ ရက်နေ့ မဲဆွယ်စည်းရုံးရေး သွားရောက်စဉ် ဦးဇခုန်တိန့်ယိန်းလက်မှတ်ထိုးထားသည့် စာဖြင့်တားမြစ်ခံရသည့် NDA-K ကချင်ဒီမိုကရေစီသစ် တပ်မတော်ဌာနချုပ် ပန်ဝါဒေသနှင့် တားမြစ်ဒေသများသို့ NLD ပါတီအပါအဝင် အခြားပါတီများ စည်းရုံးရေး ဆင်းကြမည်ဟု ယင်းပါတီများက ပြောကြသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေဆဲကာလဟုဆိုကာ ပန်ဝါမြို့နှင့် ချီဖွေတစ်မြို့နယ်လုံး၊ ဆော့လော် တစ်မြို့နယ်လုံး၊ ဝိုင်းမော်မြို့နယ်မှ ကန်ပိုက်တီ၊ ဆဒုံး၊ ဆဝမ်၊ မန်တောင်၊ မန်ဝိန်း၊ ရှငေါ်ဒေသများကို မဲဆွယ်စည်းရုံးခြင်း မပြုရန် တားမြစ်ခဲ့သည်ဟု ယင်းဒေသမှ NLD အမတ်လောင်း ဦးကျော်ကျော်ဦးက ပြောသည်။

စက်တင်ဘာလ ၂၉ ရက်နေ့၌မူ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဦးဇခုန်တိန့်ယိန်းက ပါတီများရှေ့၌ ရွေးကောက်ပွဲဥပဒေအား သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ပါမည်ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။

''ဒီတစ်ခါ သူဆက်တားမယ်ဆိုရင် သူ့အမှားဖြစ်မှာပေါ့။ ကျွန်တော်တို့ကတော့ ဘယ်သူတားတား မဖြစ်မနေသွားမှာပဲ။ ရက်အတိအကျ မပြောနိုင်ပေမယ့် ဒီရက်ပိုင်းထဲ၊ ဒီတစ်ရက်နှစ်ရက်အတွင်း သွားမှာပါ။'' ဟု ယင်းဒေသအတွင်း အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) တွင် ယှဉ်ပြိုင်မည့် ဦးကျော်ကျော်ဦးက မဇ္ဈိမသို့ပြောသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းကလည်း စက်တင်ဘာ ၂၂ ရက်နေ့က တားမြစ်စာ ထုတ်သည်နှင့်ပတ်သက်၍ ဦးဇခုန်တိန့်ယိန်းအား ၂၉ ရက်နေ့၌ ခေါ်ယူအသိပေးခဲ့သည်ဟု ပြောသည်။ ကော်မရှင်အနေဖြင့် အသိပေးခြင်းသာလုပ်နိုင်ပြီး သတိပေးခြင်း၊ အပြစ်ပေးခြင်းမျိုး လုပ်ခွင့်မရှိကြောင်းသိရသည်။

''ရွေးကောက်ပွဲဥပဒေလုပ်ထုံးလုပ်နည်းတွေကို ရှင်းပြတယ်။ သူကလည်း သိရှိလိုက်နာပါမယ်ဆိုပြီး ပြောသွားတယ်။ လိုက်နာတာမလိုက်နာတာက သူအပိုင်း။ ဒါနောက်မှ ဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စပါ။'' ဟု ၎င်းကပြောသည်။

ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက်ပါတီက အင်ဂျန်းယန်မြို့နယ်တွင် မဲဆွယ်စည်းရုံးမှုများ ပြီးစီးနေပြီဖြစ်ပြီး ချီဖွေမြို့နယ်၊ ပန်ဝါဒေသသို့ အောက်တိုဘာ ၁၀ ရက်နောက်ပိုင်းသွားမည်ဟု ပါတီဥက္ကဋ္ဌ ဦးဇော်ဆိုင်းက ပြောသည်။

စက်တင်ဘာ ၂၂ ရက်နေ့က NLD ပါတီအားမဲဆွယ်စည်းရုံးခွင့် တားမြစ်သည်ကို သိရှိကြောင်း၊ NDA-K အဖွဲ့က ၎င်းတို့ ပါတီကိုလည်း လူပုဂ္ဂိုလ်အရ လာနိုင်ကြောင်း၊ ပါတီဆိုင်းဘုတ်များထောင်ခွင့်မပြုနိုင်ကြောင်း အကြောင်းကြားခဲ့သည်ဟု ဆိုသည်။ သို့သော် ပန်ဝါဒေသမဲဆွယ်ခရီးစဉ်တွင်မူ ဆိုင်းဘုတ်များ ယူဆောင်သွားမည်ဟု ဦးဇော်ဆိုင်းကပြောသည်။

ပြည်ခိုင်ဖြိုးပါတီကမူ စက်တင်ဘာလဆန်းကတည်းမှစ၍ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် ဒေသများတွင် မဲဆွယ်မှုများ ပြုလုပ်နေသည်ဟု ပါတီ၏ ပြည်နယ်ဗဟိုကော်မတီဝင် ဦးစိုးသိန်းက မဇ္ဈိမသို့ပြောသည်။

ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးဇုန်းတိန့်သည်လည်း ချီဖွေမြို့၌ အထိုင်ချကာ ပတ်ဝန်းကျင်ဒေသ များအား မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေသည်ဟုလည်းသိရသည်။

ဦးစိုးသိန်းက ''ပန်ဝါက ချီဖွေမြို့နယ်ထဲမှာ ပါတယ်။ အရင်ဦးဇခုန်တိန့်ယိန်းက သူနယ်မြေမှာ မဲမဆွယ်ရဘူးလို့ ပြောတာကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူသတိပေး ပြီးပါပြီ။ ဒီတစ်ခါ မတားမြစ်တော့ဘူးလို့ ထင်ပါတယ်'' ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly