ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သွားမည့် "ရုရှားရဲ့ ဂီတဝိညာဉ်များ"ဖျော်ဖြေပွဲ

ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သွားမည့် "ရုရှားရဲ့ ဂီတဝိညာဉ်များ"ဖျော်ဖြေပွဲ

ရန်ကုန်၊  မေ ၃၁ ။               ။ "ရုရှားရဲ့ ဂီတဝိညာဉ်များ" (Souls Of Russia) အမည်ရှိ တေးဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့တော်ခန်းမတွင် ဇွန်လ ၉ ရက်နေ့၌ ပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ခွင့်အခမဲ့နှင့် လာရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲတွင် အနုပညာဒါရိုက်တာ စန္ဒရားပညာရှင် Kimball Gallagher မှ ဦးဆောင်ပြီး မြန်မာစန္ဒရားပညာရှင် အောင်မိုးကျော်၊ မလေးရှား အဆိုရှင် mezzo- soprano Yiling Chaing နှင့် ထိုင်ဝမ်စန္ဒရားပညာရှင် Kaiyin Huang တို့က ရုရှားနိုင်ငံ၏ ဂန္တဝင်ဂီတတေးသီချင်းများကို ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုတော် အမွန်း ကလည်း ခေတ်ပေါ်ရုရှားသီချင်းတစ်ပုဒ်နှင့် ပါဝင်ဖျော်ဖြေ သွားမည်ဟု သိရသည်။

"Russia Gathering ဂီတဆိုရင် တစ်ကမ္ဘာလုံးမှာ နာမည်ကြီးပါတယ်။  ဒါ့ကြောင့် မြန်မာဂီတဝါသနာရှင်တွေကို ရုရှားဂီတကို နားထောင်ခွင့် ရနိုင်မယ်ဆိုရင် အင်မတန်ကောင်းမယ်လို့ ကျွန်တော် ယူဆမိပါတယ်။ နိုင်ငံရေးနဲ့ မဆိုင်ဘူး။ ဝါဒဖြန့်ရေးနဲ့ မဆိုင်ဘူး။ ဂီတ၊ အနုပညာ၊ ယဉ်ကျေးမှုနဲ့ပဲ ဆိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ရုရှား ဂီတပွဲကြောင့် မြန်မာပြည်သူပြည်သားအချင်းချင်း ကျွန်တော်တို့ ချစ်ကြည်ရင်းနဲ့ နားလည်မှု၊ အပြန်အလှန် လေးစားမှု ပိုခိုင်မြဲစေမယ်လို့ မျှော်လင့်ပါတယ်" ဟု ပြည်ထောင်စုသမ္မတနိုင်ငံတော်ဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး  ဒေါက်တာ နီကိုလိုင်း လစ်တိုပါ့ဒေါ့ဗ် က ပြောသည်။

အဆိုပါ "ရုရှားရဲ့ ဂီတဝိညာဉ်များ" ဂီတဖျော်ဖြေပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ ရုရှားသံရုံးတွင် ပြုလုပ်ပြီး ပြောခဲ့ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံ၏ အထင်ကရ  တေးရေးများဖြစ်သည့် Mussorgsky၊ Scriabin၊ Rachmaninoff တို့၏ ဂန္တဝင်ဂီတကို အဆိုပါပွဲတွင် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ Souls Of Russia ဆိုပြီး ရုရှားရဲ့ ဂန္တဝင်တေးဂီတပွဲတော်ဆိုတာ အရမ်းကို ရှားပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ အရမ်းကို နည်းတယ်။ အားလုံးကို လာရောက်နားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ Music ကလည်း အခါတိုင်း ကြားနေရတဲ့ Pop တွေ၊ Rock တွေနဲ့ မတူဘူးပေါ့။ မတူညီတဲ့ ရသမျိုး၊ မတူညီတဲ့ ခံစားချက်မျိုး ရဖို့အတွက် အားလုံးကို လာရောက်ပြီးတော့ အားပေးကြပါလို့" ဟု Myanmar Music Festival ၏ လက်ထောက်အနုပညာဒါရိုက်တာ ကိုအောင်မိုးကျော်က ပြောသည်။

"ရုရှားရဲ့ ဂီတဝိညာဉ်များ"  တေးဂီတဖျောဖြေပွဲသို့ လာရောက်နားဆင်လိုသူများအနေဖြင့် အီးမေးလ်ဖြင့် ကြိုတင်စာရင်းပေးသွင်းခြင်း၊ မြို့တော်ခန်းမဝင်ခွင့်အတွက် မှတ်ပုံတင်၊ ပတ်စ်ပို့ ယူဆောင်လာခြင်းများ လိုအပ်ပြီး ၄င်းပွဲကို ဇွန်လ ၉ ရက် ညနေ ၅ နာရီအချိန်တွင် ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly