ဟနွိုင်းအစည်းအဝေးနောက်ပိုင်း အဆင့်မြင့်အရာရှိကြီး ၅ ဦးကို မြောက်ကိုရီးယား ကွပ်မျက်ခဲ့ဟု သတင်းထွက်

ဟနွိုင်းအစည်းအဝေးနောက်ပိုင်း အဆင့်မြင့်အရာရှိကြီး ၅ ဦးကို မြောက်ကိုရီးယား ကွပ်မျက်ခဲ့ဟု သတင်းထွက်
North Korea's leader Kim Jong Un (left) and US President Donald Trump talk in the garden of the Metropole hotel during the second North Korea-US summit in Hanoi, Vietnam, on Feb 28, 2019. (REUTERS/Leah Millis/File Photo)

မေ ၃၁ ။        ။ အမေရိကန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားအထူးသံတမန် အဖြစ် ဆောင်ရွက်ခဲ့တဲ့ ကင်မ်ယော့ချို အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာနက  အခြားသော အရာရှိကြီးလေးဦးကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ကွပ်မျက်ပစ်လိုက်ပြီဖြစ်တယ်လို့ တောင်ကိုရီးယား သတင်းစာတစ်စောင်မှာ မေလ ၃၁ ရက်က ဖော်ပြလာပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက ဟနွိုင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးမှာ အောင်မြင်မှုရလဒ် ထွက်ပေါ်မလာခဲဲဲ့ခြင်းအပေါ် တာဝန်ခံခိုင်းတဲ့အနေနဲ့ ခုလို ကွပ်မျက်ပစ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းအကြား ထိပ်သီးအစည်းအဝေး အကြိုကာလတုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုးနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေလုပ်ခဲ့တဲ့ မြောက်ကိုရီးယား အဆင့်မြင့် အရာရှိ ကင်မ်ယုံချိုးလ် ဟာလည်းပဲ ခုချိန်မှာ အတင်းအကျပ် အလုပ်ခိုင်းစေခံထားရပြီး ပြစ်ဒဏ်ကျခံနေရဖွယ် ရှိတယ်လို့လည်း တောင်ကိုရီးယားသတင်းဌာန Chosun Ilbo က ဖော်ပြပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ကတော့ ပြည်တွင်း ဝရုန်းသုန်းကားအခြေအနေတွေနဲ့ မကျေနပ်ချက်တွေ ဖြစ်လာမယ့်အရေးကနေ အာရုံပြောင်းလမ်းလွှဲနိုင်ဖို့ ခုလို လူအများအပြားကို သုတ်သင်ရှင်းလင်းမှုကို လုပ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ယင်းသတင်းစာက ဖော်ပြပါတယ်။

“ကင်မ်ယော့ချို နဲ့အတူ နိုင်ငံခြားရေးဌာနက အခြား အဆင့်မြင့်အရာရှိ လေးဦးကို မတ်လတုန်းက စုံစမ်းစစ်မေးခဲ့ပြီး Mirim လေဆိပ်မှာ ကွပ်မျက်ခဲ့တာပါ” လို့ အမည်မဖော်လိုသူ မြောက်ကိုရီးယား သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး ယင်းသတင်းစာက ဖော်ပြပါတယ်။

ဒါ့အပြင် အထက်ပါ အရာရှိကြီး ငါးဦးဟာ  အမေရိကန်အတွက် သူလျှိုလုပ်ပေးခဲ့တယ်လို့လည်း စွဲချက်တင်ခံခဲ့ရကြောင်း သိရပါတယ်။

အလားတူ ဟနွိုင်း အစည်းအဝေးမှာတုန်းက ခေါင်းဆောင် ကင်မ်အတွက် စကားပြန်လုပ်ပေးခဲ့သူ ရှင်ဟေးယုံံဟာလည်း အစည်းအဝေးအတွင်း အရေးကြီးတဲ့ စကားပြန်ဆိုမှု အမှားတစ်ခု လုပ်မိခဲ့လို့ ဆိုပြီး ခုချိန်မှာ နိုင်ငံရေး အကျဉ်းစခန်းတစ်ခုမှာထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဟနွိုင်းအစည်းအဝေးမှာ ကင်မ်ကို အနီးကပ် ကူညီခဲ့တဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံ ကိုလည်းပဲ ခုချိန်မှာ လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင် မတွေ့ရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required