ရှေးဟောင်း အမြောက်များ ထားရှိရန် မန္တလေးနန်းမြို့အတွင်း GE တပ်က ပြတိုက်တည်ဆောက်နေ

ရှေးဟောင်း အမြောက်များ ထားရှိရန် မန္တလေးနန်းမြို့အတွင်း GE တပ်က ပြတိုက်တည်ဆောက်နေ

မန္တလေး ။     ။ (မေလ ၃၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရှေးဟောင်းအမြောက် များကို တစ်နေရာထဲတွင် ကြည့်ရှုနိုင်ရန် မန္တလေးနန်းမြို့အတွင်း ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(နန်းတွင်း)က ပြတိုက်တစ်ခု တည်ဆောက်လျက် ရှိသည်။

အဆိုပါ ပြတိုက်ကို မြနန်းစံကျော်ရွှေနန်းတော်၏ အရှေ့ဘက် ကျောက်စာရုံနှင့် မင်းတုန်းမင်း အုတ်ဂူကြားတွင် ဧပြီလက စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၇၅ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။

“ပြတိုက် ဒီဇိုင်းပုံစံကိုတော့ ကျွန်တော်တို့ ရှေးဟောင်းသုတေသနနဲ့ ညှိနှိုင်းဆောင်ရွက်ပါတယ်။ တည်ဆောက်ရေးတွေ လုပ်နေတာကတော့ GE တပ်က လုပ်နေတယ်။ ဒီဟာပြီးရင်တော့ ရှေးဟောင်းအမြှောက် တွေကို တစ်နေရာထဲ ကြည့်ရှုနိုင်မှာပါ” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်းက ပြောသည်။

အဆိုပါ ပြတိုက်တွင် ရတနာပုံခေတ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းက အမြောက် ၂၉လက်ကို ပြသသွားမည် ဖြစ်သည်။ လက်ရှိတွင် သံ အမြောက် ၁၇ ခုနှင့် ရွှေ့လျားအမြောက်ငယ် ၃လက်တို့ကို တည်ဆောက်ဆဲ ပြတိုက်အတွင်း ထားရှိပြီးဖြစ်သည်ကို တွေ့ရသည်။

အမည်မဖော်လိုသူ တည်ဆောက်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက “အမြောက် တွေကို ကရိန်ကားတွေနဲ့ ကြိုပြီး ရွှေ့ပြီးမှ အဆောက်အဦ အပေါ်ပိုင်း တည်ဆောက်ပါတယ်။ အဆောက်အဦး ပြီးမှ ရွှေ့ရင် ကရိန်းကားနဲ့ ချတဲ့အခါ အဆင်မပြေဘူး” ဟု ၎င်းက ဆိုသည်။

နန်းမြို့တွင်း နေရာအသီးသီးတွင် ထားရှိသည့် အမြောက်များကို တစ်စုတစ်စည်းတည်းဖြစ်အောင် ထားရှိရန် စီစဉ်နေဆဲဖြစ်ပြီး အဆိုပါ ပြတိုက်သည် နောက်ထပ် တစ်လခန့်အတွင်း ပြီးစီးမည်ဟု ခန့်မှန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required