ဘေးကင်းလုံခြုံသော စားသုံးဆီများ ရောင်းချရန်အတွက် ဆီလုပ်ငန်းရှင်များတွေ့ဆုံ

ဘေးကင်းလုံခြုံသော စားသုံးဆီများ ရောင်းချရန်အတွက် ဆီလုပ်ငန်းရှင်များတွေ့ဆုံ

မကွေး၊ မေ ၃၀ ။        ။ စျေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသုံးဆီများ၏ ရောစပ်မှုအချိုး ပွင့်လင်းမြင်သာမှုရှိရေးနှင့် ဘေးကင်းလုံခြုံရေး တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးအတွက် လက်လီရောင်းချသူများ ဆီစက်ပိုင်ရှင် များ ဆီလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ(၂၉)ရက် နေ့လယ်ပိုင်းက မကွေး ကုန်သည်ကြီးများ အသင်းရုံးတွင် ပြုလုပ်ခဲ့သည်။

“စားသုံးသူတွေကို ရောဆီရောင်းချရာမှာ မှန်မှန်ကန်ကန်ပြောပြီး ရောင်းချရန်၊ ဘေးကင်းလုံခြုံသည့် စားသုံးဆီများထုတ်လုပ်နိုင်ရန် စျေးကွက်ခိုင်မာရန်အတွက် စားသုံးဆီ လက်လီလက်ကား ရောင်းချသူ ဆီစက်ပိုင်ရှင်နဲ့ တာဝန်ရှိသူများတွေ့ဆုံပွဲပြုလုပ်ခြင်းဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဇော်မင်းကပြောသည်။

စျေးကွက်တွင် စားသုံးဆီများကို ရောဆီအနေဖြင့် ရောင်းချရာတွင် မည်သည့်ဆီက မည်မျှရော ရောင်းကြောင်း ပွင့်လင်းမြင်သာစွာ ပြောဆိုရောင်းချရန်နှင့် တာဝန်ခံမှုတာဝန်ခံမှုရှိစေရန်ဆွေးနွေး ပွဲပြုလုပ် ခြင်းဖြစ်ပြီး ဆီစက်လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက အဆိုပါဆွေးနွေးမှုများ အသိပညာပေးမှုများနှင့် စျေးကွက်အတွင်း မိုဘိုင်းစစ်ဆေးရေးယာဉ်ဖြင့် လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဇော်မင်း၊ မကွေး တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာပြည့်ထူး၊ မကွေး တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်း၊ မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဖိုးနီ နှင့်တာဝန်ရှိသူများ စားသုံးဆီလက်လီရောင်းချသူများ ဆီစက်ပိုင်ရှင်များ တက်ရောက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required