ကြိုက်သလောက် သူလျှိုလုပ်ပါစေ ဟွာဝေးပစ္စည်းတွေပဲ ဆက်လက်သုံးစွဲသွားမယ်လို့ မလေးရှား ဝန်ကြီးချုပ် ပြော

ကြိုက်သလောက် သူလျှိုလုပ်ပါစေ ဟွာဝေးပစ္စည်းတွေပဲ ဆက်လက်သုံးစွဲသွားမယ်လို့ မလေးရှား ဝန်ကြီးချုပ် ပြော

ကွာလာလမ်ပူ၊ မေ ၃၀ ။          ။ တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးအပေါ် လုံခြုံရေးစိတ်မချရဘူးလို့ စိုးရိမ်ပူပန်ကြတာနဲ့ အမေရိကန်က တားမြစ်ပိတ်ပင်တာတွေကို ဆန့်ကျင်ခုခံပြီး မလေးရှားဝန်ကြီးချုပ် မဟာသီယာက ‘ဟွာဝေးအနေနဲ့ ကြိုက်သလောက် သူလျှိုထောက်လှမ်းနိုင်တယ်။”လို့ ပြောလာပါတယ်။

ဟွာဝေးကုမ္ပဏီဖက်ကနေ ရပ်တည်ပြီး ဝန်ကြီးချုပ် မဟာသီယာဟာ မလေးရှားနိုင်ငံအနေနဲ့ ဟွာဝေးထုတ်ကုန်တွေကို ဖြစ်နိုင်သမျှ ဆက်လက်သုံးစွဲသွားမှာ ဖြစ်တယ်လို့ မေ ၃၀ ရက်မှာ ကျင်းပတဲ့ တိုကျိုက အစည်းအဝေးတစ်ရပ်မှာ ပြောလိုက်တာ ဖြစ်ပါတယ်။

“ဟုတ်ပါလိမ့်မယ်၊ ဟွာဝေးကနေပြီး သူလျှိုထောက်လှမ်းတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် မလေးရှားကိုလာပြီး ဘာကိုများ သူလျှိုလုပ်မှာလဲ။ ကျွန်တော်တို့ မလေးရှားနိုင်ငံဟာ ဖွင့်ထားတဲ့ စာအုပ်တစ်အုပ်ပဲ။”ဆိုပြီး အသက် ၉၃ နှစ်ရှိတဲ့ မဟာသီယာက အာရှအနာဂတ်မှာ ပြောခဲ့တာပါ။

ဟွာဝေးရဲ့ သုတေသနတီထွင်မှုတွေဟာ မလေးရှားနိုင်ငံတစ်ခုလုံးထက် လိုက်မမှီအောင် သာလွန်ကြောင်း မဟာသီယာက ပြောပါတယ်။

“ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဟွာဝေးရဲ့ နည်းပညာကို အသုံးချနိုင်ဖို့ ဖြစ်နိုင်သရွေ့ ကြိုးစားသွားရမှာပဲ ဖြစ်တယ်။ အားလုံးလည်း သိမှာပါ။ နိုင်ငံတစ်နိုင်ငံက မလေးရှားကို ကျူးကျော်ချင်တယ်ဆို လာခဲ့နိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ခုခံမှာ မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ အချိန်ဖြုန်းသာ သက်သက်ပဲ။ အကြောင်းမဲ့ ဘယ်လိုနိုင်ငံမျိုးကမှ ကျူးကျော်လာမှာလဲ မဟုတ်ပါဘူး။”လို့ မဟာသီယာက ပြောခဲ့ပါတယ်။

အမျိုးသားလုံခြုံရေးအတွက် ဘေးအန္တရာယ်များတဲ့ သူလျှိုထောက်လှမ်းမှုတွေကို ဟွာဝေးက လုပ်ဆောင်တယ်ဆိုပြီး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရသလို အမေရိကန်ရဲ့ တားမြစ်ပိတ်ပင်ခံနေရတဲ့အချိန်မှာ ဝန်ကြီးချုပ် မဟာသီယာက ဟွာဝေးဖက်က ခုလို ခုံခံကာကွယ်ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required