ခြင်ရိုက်တံမှတဆင့် မီးလောင်မှုကြောင့် လူ ၂ ဦးသေဆုံး၊ သေဆုံးခဲ့သည့် အိမ်ရှင်ဖြစ်သူကို အမှုဖွင့်

ခြင်ရိုက်တံမှတဆင့် မီးလောင်မှုကြောင့် လူ ၂ ဦးသေဆုံး၊ သေဆုံးခဲ့သည့် အိမ်ရှင်ဖြစ်သူကို အမှုဖွင့်
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ မေလ ၃ဝ ။        ။ ရှမ်းပြည်နယ်၊ ကလောမြို့ (၅)ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် လျှပ်စစ်ခြင်ရိုက်တံအား ဆော့ကစားရာမှ မီးပွင့် ၍ ဓာတ်ဆီပုလင်းအားကူးစက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လူ ၂ ဦး သေဆုံးခဲ့ကြောင်း လက်ရှိတွင် သေဆုံး ခဲ့သည့် အိမ်ရှင်ဖြစ်သူအား ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ မီးလောင်မှုမှာ မေလ ၂၉ ရက်နေ့ ည ၇ နာရီ၊ မိနစ် ၂ဝ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သေဆုံးသူ လူ ၂ ဦးတွင် တစ်ဦးဖြစ်သည့် အိမ်ရှင်ဖြစ်သူ အသက် ၅ဝ အရွယ် ဒေါ်စန်းစန်းဝင်းကို ကလောမြို့ မရဲစခန်းတွင် (ပ)၂၉/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၄-က/၃၃၇/၂၈၅ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့က မေလ ၃ဝ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အမှုဖွင့်ခံရသူ ဒေါ်စန်းစန်းဝင်းသည် အဆိုပါ ညက နေအိမ်၌ ဆိုင်ကယ်ဆီဖြည့်နေစဉ် ၃ နှစ်အရွယ် မြေး ဖြစ်သူက လျှပ်စစ်ခြင်ရိုက်တံအား ဆော့ကစားခဲ့ပြီး မီးပွင့်သွားရာမှ ဓါတ်ဆီပုလင်းသို့ မီးကူး စက်လောင်ကျွမ်း ခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် သွပ်မိုး /ပျဉ်ခင်း/ပျဉ်ကာ နေအိမ် ၁ လုံး၊ မော်တော်ယာဉ် ၁ စီးနှင့် ဆိုင်ကယ် ၁ စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို ဝိုင်းဝန်းငြှိမ်းသတ်ခြင်းကြောင့် ည ၈ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင် မှုကြောင့် ဒေါ်စန်းစန်းဝင်းနှင့် ၎င်းအိမ်မှ အလုပ်သမားဖြစ်သူ အသက် ၂၂ နှစ်အရွယ် မမေသဇင်ဦး ၂ ဦးမှာ မီးလောင်သေဆုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးနှင့်  ၃ နှစ်အရွယ် မြေးဖြစ်သူတို့တွင် မီးလောင်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

ထိုသို့ လူသေဆုံးမှုအထိ ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်ရှိတွင် အိမ်ရှင်ဖြစ်သူ ဒေါ်စန်းစန်းဝင်းကို ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရဲထုတ်ပြန်ထားချက်အရသိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required