ပြည်ခိုင်ဖြိုးဆိပ်ကမ်းမြို့နယ် ကိုယ်စားလှယ်အား ကန့်ကွက်မှု NLD အနိုင်ရ

ပြည်ခိုင်ဖြိုးဆိပ်ကမ်းမြို့နယ် ကိုယ်စားလှယ်အား ကန့်ကွက်မှု NLD အနိုင်ရ

ရန်ကုန်၊ မေ ၃၀ ။          ။ အနိုင်ရပြည်ခိုင်ဖြိုးပါတီဆိပ်ကမ်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်အား ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဖြင့် တိုင်တန်းထားချက်ကို ကြားနာစစ်ဆေးမှုအပြီးတွင် NLD ဘက်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) မှအနိုင်ပေးခဲ့ကြောင်း သိရသည်။

UEC ဘက်မှ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ဦးလှတင့်၊ ဦးသန်းဌေးတို့မှ အဖွဲ့ဝင်အဖြစ်ပါဝင်ကာ မေလ ၃၀ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုကိစ္စအတွက် အဆိုပါပုဂ္ဂိုလ်အချို့ထံသို့ဆက်သွယ်သော်လည်း အစည်းအဝေးရှိနေသည်ဟုဆိုသောကြောင့် မေးမြန်းခွင့်မရရှိခဲ့ပေ။

“ ကန့်ကွက်တဲ့ဘက်ကိုအနိုင်ပေးလိုက်တာပါ။ ကန့်ကွက်ခံရတဲ့ဘက်ကလည်း သူတို့အယူခံတက်မယ်လို့ သိရပါတယ်။ အဲ့တော့ အယူခံမှာအောင်မြင်တော့မှဘဲ ကျွန်တော်တို့ ဒီအမှုကပြီးဆုံးမှာပါ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွှန့်က မဇ္စျိမ သို့အတည်ပြုပြောသည်။

ဒုတိယအကြိမ်မြောက်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ကာလက  ဦးနေမျိုးအောင်သည် ဆိပ်ကမ်းမဲဆန္ဒနယ်မြေအတွင်း ငွေချေးငှားမှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည် ဆိုသည့် စွပ်စွဲ ချက်နှင့်ပတ်သက်၍ NLD ဘက်မှကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်း လည်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဘက်မှနေ၍ မိမိတို့သည် ပြည်သူလူထု၏လိုအပ်အရ မြို့နယ်များတွင် ထိုသို့ချိတ်ဆက်ပေးခြင်းမျိုးပြုလုပ်ခဲ့ပေးဖူးကာ ဆိပ်ကမ်းမြို့နယ် တစ်ခုထဲတွင်ပြုလုပ်ခြင်းမဟုတ်ဟုလည်း ပြောဆိုထားသည်။

“ UEC ကဒီလိုဘက်လိုက်ဆုံးဖြတ်မယ်ဆိုတာ ကျွန်တော်တို့ နဂိုကတည်းကကြိုတွက်ပြီးသားပါ။ အဲ့အတွက် သီးသန့်တော့ ပြောစရာ မရှိပါဘူး” ဟု USDP ဘက်မှပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကဆိုသည်။

အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ UEC နှင့်ဆွေးနွေးသွားရန်လည်း အလိုရှိနေပြီး ပြည်သူများ ရှင်းရှင်းလင်းလင်းသိရရှိစေရန် သတင်းစာရှင်းလင်းပွဲပြုလုပ်သွားရန်လည်း ရှိကြောင်း ၎င်းကဆိုသည်။

အလားတူ ဦးနေမျိုးအောင်သည် ငွေချေးငှားမှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့်ပင် အနိုင်ရရန် ပစ္စည်း ပေးခြင်း၊ ငွေကြေးလက်ဆောင် လာဘ်လာဘနှင့် ရွေးကောက်ပွဲအောင်နိုင်ရန် တရားမဲ့ ပြုကျင့်ရာ ရောက်သည်ဟုဆိုကာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (က)အရလည်း ဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခံခဲ့ရသည်။

၂၀၁၀ ရွေးကောက်ပွဲအနိုင်ရအမတ်ဟောင်း ဦးနေမျိုးအောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ သော်လည်း ရွေးကောက်ပွဲ အပြီးနောက် သုံးနှစ်အကြာ ၂၀၁၈ တွင် လွှတ်တော်ထဲ သို့ နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးထောင်အောက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ဆိပ်ကမ်းလုပ်ငန်း ဝန်ထမ်း မိသားစုများ အများစု နေထိုင်သည့် မြို့နယ် ဖြစ်သည်။ ဦးနေမျိုးအောင်သည် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆိပ်ကမ်းမြို့နယ်၏ မဲဆန္ဒနယ် (၂) ၌ ခိုင်လုံမဲ ၅၁၅ မဲ ရရှိခဲ့ပြီး ပြိုင်ဘက် NLD အမတ်လောင်းကို မဲ ၁၅၀ အသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly