မဲစာရင်းကပ်ရန် ဘုတ်မရှိ၍ ပုသိမ်ကြီး၊ ရေကြည်ညောင်ပင်ကျေးရွာအုပ်စုတွင် မဲစာရင်းမကပ်နိုင်သေးဟုဆို

မဲစာရင်းကပ်ရန် ဘုတ်မရှိ၍ ပုသိမ်ကြီး၊ ရေကြည်ညောင်ပင်ကျေးရွာအုပ်စုတွင် မဲစာရင်းမကပ်နိုင်သေးဟုဆို

မန္တလေး၊ အောက်တိုဘာ ၇ ။ ။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ညောင်ပင်ကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ အောက်တိုဘာလ ၇ ရက်အထိ မဲစာရင်းကပ်မပေးသောကြောင့် ဒေသခံများ မဲစာရင်းကြည့်ရန်နှင့် မဲစာရင်းမှားပါက ပြန်လည်ပြုပြင်ရန်အတွက် အခက်အခဲများရှိနေသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

မဲစာရင်းကြည့်ရှု့နိုင်ရန်အတွက် မဲစာရင်းများ ကပ်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ဒေသခံများနှင့် ရပ်မိရပ်ဖများက သွားရောက်ပြောကြားရာတွင် ကပ်စရာနေရာမရှိသောကြောင့် မကပ်နိုင်သေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး က ပြန်လည်ပြောကြားခဲ့သည်ဟု ဒေသခံများကဆိုသည်။

ခြောက်အိမ်စုကျေးရွာမှ ဦးမြင့်အောင်က “မဲစာရင်းကပ်ပေးဖို့ပြောတော့ ကပ်ဖို့ဘုတ်မရှိဘူးလို့ပြောတယ်။ကျွန်တော်တို့ ဒီနေ့အထိ မဲစာရင်းမှာပါလားမပါလား။ မှန်လားမှားလားဆိုတာမသိရဘူး။ ရွေးကောက်ပွဲကနီးနေပြီ ကျွန်တော်တို့ကို ဘာမှပြန်မပြောဘူး။ သူတို့မှာ မဲစာရင်းကပ်ဖို့လောက်တောင် လုပ်မပေးဘူးဆိုရင် မဲစာရင်းပြင်ဖို့ ဘယ်လိုလုပ်ကြမှာလဲ။" ဟုပြောသည်။

အဆိုပါကျေးရွာအုပ်စုတွင် ရေကြည်ကျေးရွာ၊ ညောင်ပင်ကျေးရွာ၊ ရွှေကျင်ရေကျေးရွာ၊ ရေတံခွန်တောင်ကျေးရွာနှင့် ခြောက်အိမ်စုကျေးရွာတို့ရှိရာတွင် အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ညောင်ပင်ကျေးရွာတစ်ရွာသာ မဲစာရင်းကပ်ပေးထားသည်ဟုလည်း ဒေသခံများကဆိုသည်။

“ကပ်ထားတာလည်း တစ်ရွာပဲရှိတယ်။ အဲဒါကလည်း အိမ်ခြေ ၄၀ လောက်ပဲရှိတဲ့ ရွာငယ်လေးပါ။ဒီရုံးမှာပဲစုကပ်ပေးထားရင်ကို လာကြည့်လို့ရတယ်။ အခုဟာကဘာမှကိုမပြောဘူး။ ဒါဟာမဖြစ်သင့်ဘူး။ကျွန်တော်တို့ရွာသားတွေကို မဲပေးခွင့်ဆုံးရှုံးအောင်လုပ်တာပဲ" ဟု ရေကြည်ရွာမှ ဦးခင်ဦး ကပြောသည်။

ရေကြည်ညောင်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းက “လာမကြည့်လို့မကပ်တာပါ။ရုံးထဲမှာထုတ်ပြီးသိမ်းထားပါတယ်။ ဒီနေ့ညနေအပြီးကပ်ပေးပါမယ်။ ဘုတ်မရှိလို့ ကပ်မပေးနိုင်ဘူးလို့ပြောတာက သူတို့ကို စနောက်တာပါ။" ဟု ညနေ ၄ နာရီခွဲတွင် မဇ္ဈိမကိုပြောသည်။

ပုသိမ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်းကပ်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ တစ်ရွာ သုံးသောင်းကျပ်နှုန်း ပေးထားသည်ဟု ယင်းအဖွဲ့မှ ဦးစီးမှူး ဦးဝင်းခိုင်က မဇ္ဈိမကိုပြောသည်။

“ကျွန်တော်တို့ကတော့ ကပ်တယ်မကပ်ဘူး ကျေးရွာတွေအထိ ဆင်းကြည့်တာတော့မရှိဘူး။ ဒါပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မဲစာရင်းကပ်ပြီးကြောင်းကို ဓာတ်ပုံအထောက်အထားတွေနဲ့ တင်ပြတာတော့ရှိပါတယ်။ အမှန်တကယ် မကပ်ဘူးဆိုရင် တိုင်းရွေးကော်ကိုတင်ပြပြီး ချက်ခြင်းဆောင်ရွက်သွားပါမယ်။" ဟု ဦးဝင်းခိုင် က ပြောသည်။

ထိုသို့မဲစာရင်းများကပ်ရန် နောက်ကြခြင်းသည် မဲစာရင်းပြင်ရန်အတွက် အချိန်မလုံလောက်မည်ကို ဒေသခံအများစု က စိုးရိမ်လျက်ရှိသည်ဟုလည်း ရေကြည်ရွာသား ဦးခင်ဦး ကဆိုသည်။

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ထွဋ် က မဲစာရင်းပြင်ဆင်ရန်မှာ အောက်တိုဘာလ ၁၀ ရက်နောက်ဆုံးဖြစ်သည်ဟု မဇ္ဈိမကိုပြောသည်။

ပုသိမ်ကြီးမြို့နယ်တွင် မဲရုံ ၁၄၆ ရုံရှိပြီး မဲပေးနိုင်သူ ဦးရေ မှာ ၁၄၁,၄၉၂ ဦးရှိသည်။ ပုသိမ်ကြီးမြို့နယ်တွင် မဲစာရင်းမကပ်သော ကျေးရွာများစွာရှိနေခြင်းကြောင့် ဒေသခံအများစု မှာ မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိ ယနေ့အချိန်ထိ မသိရှိရသေးကြောင်း ဒေသခံအများစုကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly