ကရင်ပြည်နယ် ဖွံ့ဖြိုးရေးကို အင်ပြည့်အားပြည့် ဆောင်ရွက်မည်ဟု တပ်ချုပ်ကြီးပြော

ကရင်ပြည်နယ် ဖွံ့ဖြိုးရေးကို အင်ပြည့်အားပြည့် ဆောင်ရွက်မည်ဟု တပ်ချုပ်ကြီးပြော
Photo Myawady

အောက်တိုဘာ ၇ ရက် ။     ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖာပွန်မြို့၊ ဖာပွန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား အောက်တိုဘာလ ၆ ရက်နေ့ကတွေ့ဆုံ အမှာစကားပြောကြားကြောင်းသိရသည်။

တွေ့ဆုံရာတွင် အပစ်ရပ်စဲရေးကိစ္စများ၊ တပ်မတော်၏ ရုပ်ပိုင်းဆိုင်ရာမြင့်မားရေးမြှင့်တင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြောဆိုသွားသည်။

တစ်နိုင်ငံလုံးဆိုင်ရာအပစ်ရပ်ရေးစာချုပ် NCA ကို မကြာမီလက်မှတ်ရေးထိုးတော့မည်ဖြစ်သဖြင့် ဖာပွန်ဒေသအပါအဝင် ကရင်ပြည်နယ်တစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို တပ်မတော်အနေဖြင့် 'အင်ပြည့် အားပြည့်' ဆောင်ရွက်သွားမည်ဟုလည်း ထည့်သွင်းပြောကြားသည်။

နယ်မြေခံတပ်များအနေဖြင့် လက်ရှိရထားသည့် နယ်မြေတည်ငြိမ်အေးချမ်းမှုများကို ခိုင်ခိုင်မာမာဖြစ်စေရန် ဆက်လက် ထိန်းသိမ်းရန်လိုအပ်သည်ဟု မှာကြားသည်။

ခေတ်မီတပ်မတော်တည်ဆောက်ရာတွင် ဝတ်စားဆင်ယင်ရေးမှအစ၊ စားသောက်နေထိုင်ရေးပါ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးနေသည်ဟု နယ်မြေခံတပ်ကို ပြောဆိုသည်။

ထို့ပြင် သက်ပြည့်အငြိမ်းစားယူမည့် စစ်သည်များကို အခြေပြုနေထိုင်မည့်ဒေသများသို့ ပြောင်းရွှေ့ရေး စီစဉ်ဆောင်ရွက် နေမှု၊ ထိခိုက်ဒဏ်ရာရသူများ၊ ကျဆုံးစစ်သည်များ၏ မိသားစုများအတွက် စစ်မှုထမ်းဟောင်းအိမ်ရာများ၊ စစ်မှုထမ်းဟောင်း ဘိုးဘွားရိပ်သာများ တည်ဆောက်နေသည်ဟု ပြောဆိုအသိပေးသွားသည်။

ထို့ပြင် စစ်ဆင်ရေးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအတွက်ကိုလည်း အသက်မွေးဝမ်းကျောင်းပညာ များဖြင့် ကုန်ထုတ်လုပ်မှုများဆောင်ရွက်နိုင်စေရန် စီစဉ်နေသည်ဟုလည်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်မင်းနောင်တို့လည်း လိုက်ပါရောက်ရှိခြင်းဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် မွန်ပြည်နယ်မှတစ်ဆင့် အောက်တိုဘာ ၆ ရက် မနက်ပိုင်းတွင် ဖာပွန်မြို့သို့ရောက်ရှိခြင်းဖြစ်သည်။ အောက်တိုဘာ ၅ ရက် မနက်ပိုင်းတွင် မော်လမြိုင် တပ်နယ်၊ ညနေပိုင်းတွင် သံဖြူဇရပ်တပ်နယ်များသို့ ရောက်ရှိခဲ့သည်။

သံဖြူဇရပ်တပ်နယ်ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ တပ်နယ် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသားများနှင့် တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တပ်မတော်၏ မူဝါဒမှာ ဒို့တာဝန်အရေးသုံးပါးအား 'လုံးဝ' အထိအခိုက်မခံဘဲ ပိုမိုပြည့်စုံရန် 'ငြိမ်းချမ်းရေးမူ ၆ ချက်' ချမှတ်ခဲ့သည်ဟု ပြောဆိုသွားသည်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required