“ဒီနိိုင်ငံအပေါ်မှာ ယုံကြည်မှု အပြည့်ရှိပါတယ်” လို့ဆိုတဲ့ ဆီဒိုးနား ပဲ့ကိုင်ရှင်နှင့် တွေ့ဆုံခြင်း

“ဒီနိိုင်ငံအပေါ်မှာ ယုံကြည်မှု အပြည့်ရှိပါတယ်” လို့ဆိုတဲ့ ဆီဒိုးနား ပဲ့ကိုင်ရှင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ၏ စီးပွားရေးု လုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းသည် ထင်သာမြင်သာဖြစ်နေသည့် စီးပွားရေးလုပ်ငန်းအဖြစ် ရပ်တည်နေသည်။ အစိုးရသစ် တက်လာပြီးချိန်မှစပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာသည်ဟု အစိုးရ၏ ကိန်းကဏန်းများတွင် ဖော်ပြနေသည်။

နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှုသည်လည်း ၂၀၁၄ ခုနှစ်အတွင်း ခရီးသည် အရေအတွက် သုံးသန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွက် ခရီးသည် ငါးသန်းနီးပါး ဝင်ရောက်နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက မျှော်လင့်ထားသည်။

ထို့ကြောင့် ခရီးသွား လုပ်ငန်းတိုးတက်သည့် အပေါ်တွင် ဟိုတယ်နှင့် ဧည့်သည် ဝန်ဆောင်မှုလုပ်ငန်းများမှ အခွင့်အလမ်းများ ရရှိမည့််ဆိုသည့် မျှော်လင့်ချက်ကြောင့် စားသောက်ဆိုင်များ၊ ဟိုတယ်များ တိုးချဲ့တည်ဆောက် ဖွင့်လှစ်လာခဲ့ကြသည်။ ယခု တွေ့ဆုံမေးမြန်းမှုတွင် ကယ်ပယ်လန်း ဧည့်သည်ဝန်ဆောင်မှုနှင့် စီမံခန့်ရေးလုပ်ငန်းမှ အထွေထွေ အုပ်ချုပ်ရေးမှူးဖြစ်သူ ခူးပက်ခွန်းနှင့် မဇ္ဈိမတို့တွေ့ဆုံ ဆွေးနွေးထားသည်။

ကယ်ပယ်လန်း ဧည့်သည်ဝန်ဆောင်မှုနှင့် စီမံခန့်ခွဲရေး လုပ်ငန်းအနေနှင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ဆီဒိုးနား အမည်ဖြင့် လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကတည်းက လုပ်ကိုင်ခဲ့သည်။ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၏ နောက်ထပ် မျိုးဆက်ဖြစ်သော ဆီဒိုးနား ရန်ကုန် -အင်းလျားဝင်းဟိုတယ်ကို အောက်တိုဘာ လဆန်းပိုင်းတွင် ကနဦး အကြိုဖွင့်လှစ် ထားသည်။

 

ကက်ပယ်လန်း ဧည့်သည် ဝန်ဆောင်မှုနဲ့ စီမံခန့်ခွဲရေး လုပ်ငန်းကနေ တည်ဆောက်ခဲ့တဲ့ ဆီဒိုးနားအင်းလျားဝင်း ဟိုတယ်အသစ် ကနဦး ဖွင့်လှစ်နိုင်ခဲ့တာကြောင့် ဝမ်းမြောက် ဂုဏ်ယူပါတယ်ခင်ဗျ။ ကျနော်တို့ ကက်ပယ်လန်း ဧည့်သည်ဝန်ဆောင်မှုနဲ့ စီမံခန့်ခွဲမှု လုပ်ငန်းအကြောင်းနဲ့ စရအောင်ပါ။

ဒီလုပ်ငန်းက ကယ်ပယ်လန်း စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုလုံးရဲ့ အစိတ်အပိုင်းပါ၊ သူက စင်္ကာပူ နိုင်ငံရဲ့ အများပိုင် အစုစပ်ရှယ်ယာ လုပ်ငန်းဖြစ်ပါတယ်။ ကျွန်တော့်အပိုင်းကတော့ ဟိုတယ်လုပ်ငန်းနဲ့ ဝန်ဆောင်မှု ဂေါက်ကလပ် လုပ်ငန်းတွေ ဒါတွေကို လုပ်ကိုင်ပါတယ်။

 

ဆိုတော့ ဒီအင်လျားဝင်း ဟိုတယ်အပေါ်မှာရော ဘယ်လို မျှော်လင့်ချက်တွေ ရှိနေသလဲဗျ။

တကယ်ပါ၊ ကျွန်တော်တို့ အင်းလျားဝင်းအပေါ်မှာ မျှော်လင့်ချက်တွေ ထားထားပါတယ်၊ သူ့မှာအခန်းပေါင်း ၄၃၁ ခန်းရှိပြီး အရင် ဆီဒိုးနားဟိုတယ်နဲ့ ချိတ်ဆက်ထားပါတယ်၊ အထူးသဖြင့် အဲဒီကို လာရောက်မယ့် ဧည့်သည်တွေကို ဒီချိတ်ဆက်ထားတဲ့ ဟိုတယ်အသစ်ကနေ ဝန်ဆောင်မှု ပေးချင်လို့ပါ၊ မြန်မာနိုင်ငံ စီးပွားရေးက တစ်နှစ်နဲ့ တစ်နှစ် အားကောင်းလာတယ်လို့ ကျွန်တော်တို့ သတိထားမိပါတယ်၊ အဲတော့ ပိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ တည်းခိုနိုင်စရာ နေရာတွေပိုပြီး လိုအပ် လာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ အင်လျားဝင်းကို တည်ဆောက်ခဲ့တယ်၊ ဒါက အဆင့်အတန်းမြင့်တဲ့ တည်းခိုစရာ နေရာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ တိုးတက်မှုအတွက် အထောက်အပံ့ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

ကက်ပယ်လန်းက ဆီးဒိုးနားရဲ့ပိုင်ရှင် ကုမ္ပဏီဖြစ်တယ်၊ ဆီဒိုးနားဆိုရင်လည်း မြန်မာနိုင်ငံမှာ နှစ်ပေါင်းနှစ်ဆယ်လောက် သက်တမ်းရှိပြီ၊ ခင်ဗျားအနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းကို ဘယ်လိုမြင်ပါသလဲခင်ဗျ။

မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းအပေါ်မှာ အခြေခံတဲ့ ဟိုတယ် လုပ်ငန်းတွေက တစ်နှစ်ထက်တစ်နှစ်ကို တိုးတက် လာတယ်လို့ မြင်ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကထက်ကို ပိုကောင်း လာနေပါတယ်၊ ပျှမ်းမျှနေရာထိုင်ခင်း တည်ဆောက်မှု တွေကလည်း ထူးထူးခြားခြား တိုးတက်လာနေပါတယ်၊ ဒါတွေက ကျွန်တော်တို့ရဲ့ အင်လျားဝင်းကို ပိုပြီး ယုံကြည် လာစေပါတယ်။

 

နိုင်ငံခြားကနေ ဒီမှာလာပြီး ဟိုတယ် တည်ဆောက်သူတွေ၊ အိမ်ရာ တိုက်ခန်းနဲ့ ကွန်ဒို တည်ဆောက်သူတွေက သူတို့ လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး တိုးတက်သင့်သလောက် မတိုးတက်ဘူးလို့ ပြောဆိုနေကြတယ်။ ဒီနေရာမှာ အစိုးရရဲ့ စည်းမျဉ်း ဥပဒေတွေ အားနည်းနေတယ်လို့ မြေငှားရမ်းရတာက ဈေးကြီးမြင့်တယ်၊ ပြီးတော့ ငွေကြေးနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိနေတယ်လို့လည်း ပြောကြတယ်၊ ခင်ဗျားအနေနဲ့ ဒီအပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။

ကျွန်တော့်အနေနဲ့ ဘယ်လိုမျိုး ဝေဖန်မှုမျိုးကိုမှ ပေးဖို့ မတတ်နိုင်ပါဘူး၊ ကျွန်တော့်အနေနဲ့က ဟိုတယ် လုပ်ငန်းတွေမှာ စီမံခန့်ခွဲတာကိုပဲ အဓိက လုပ်ကိုင်ပါတယ်။ ပြောလို့ ရနိုင်တာကတော့ ဟိုတယ် တည်ဆောက်ခဲ့တဲ့ ကာလတွေ တုန်းက အရမ်းကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို အစိုးရ၊ ဝန်ကြီးဌာနနဲ့ အာဏာပိုင်တွေဆီက ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီဟိုတယ်ကို အချိန်မီ တည်ဆောက်နိုင်ခဲ့ပြီးတော့ အဆင့်အတန်းမီတဲ့ ဆီဒိုးနား ဟိုတယ် ထွက်ပေါ်လာတာပါ။

 

ခင်ဗျားတို့ရဲ့ စိတ်ကူး အိပ်မက်တွေကို ရပ်တန့်သွားစေနိုင်မယ့် အတားအဆီးမျိုး၊ အနာဂတ်အတွက် စိန်ခေါ်မှု မျိုးတွေကို တွေ့နေရလားခင်ဗျ၊ ဘာများဖြစ်မလဲ။ ခင်ဗျားထင်သလောက်ပေါ့။

ဧည့်သည်တွေရဲ့ ခံစားမှုတွေက ပြောင်းလဲနေဆဲ ဖြစ်ပါတယ်၊ ဒါတွေကိုလိုက်ပြီး ပြုပြင်ပြောင်းလဲ ပေးနေရပါတယ်။ ဝန်ဆောင်မှုတွေကို အဆင့်အတန်းမီအောင် လုပ်ကိုင်နေရပါတယ်၊ ဒီအတွက် လေ့ကျင့်သင်ကြား ပေးတဲ့နေရာမှာ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ရတယ်။ ဈေးကွက်မြှင့်တင်ရေးတွေ အတွက်မှာလည်း တိုးတက်လာအောင် လုပ်နေရတယ်။ ရန်ကုန်လို မြန်မာနိုင်ငံရဲ့ ထိပ်တန်းမြို့မှာ လုပ်ကိုင်နေရတယ် ဆိုတော့ အစစအရာရာ ယှဉ်ပြိုင်နိုင်အောင် လုပ်ကိုင်နေရတယ်။ ခင်ဗျား သိတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ တိုးတက်မှုက လျင်လျင်မြန်မြန်နဲ့ကို ဖြစ်ပေါ်နေတယ်၊ ပြည်သူတွေက သင်ယူမှုတွေကို ကောင်းကောင်း လုပ်နိုင်တယ်။ စိန်ခေါ်စရာ ကြီးကြီးမားမားတော့ မရှိပါဘူး၊ အချိန်တိုလေး အတွင်းမှာ ကျွန်တော်တို့ရဲ့ ဟိုတယ်လုပ်ငန်းတွေက ယှဉ်ပြိုင် နိုင်ပါလိမ့်မယ်၊ အကောင်းဆုံး မဟုတ်တာတောင်မှ ကမ္ဘာက အသိအမှတ်ပြုတဲ့ ဟိုတယ်ဖြစ်လာမှာပါ။

 

လက်ရှိအချိန်မှာက ဟိုတယ်လုပ်ငန်းနဲ့ ခရီးသွား လုပ်ငန်းက အတူတူယှဉ်တွဲပြီး တိုးတက်လာနေတယ်၊ နိုင်ငံခြားနဲ့ ပြည်တွင်း စီးပွားဘက်တွေ ပူးပေါင်းပြီး အဆောက်အဦး ဖွံ့ဖြိုးမှု လုပ်ငန်းတွေကလည်း တိုးတက်လာတာတွေ ရှိနေပါတယ်၊ ဒီအပေါ်မှာ ဆီဒိုနားရဲ့ နောက်ထပ်မျိုးဆက်ဖြစ်တဲ့ အင်လျားဝင်း ဟိုတယ်နဲ့ပတ်သက်ပြီး အခြေအနေ တစ်စုံတစ်ခုလောက် ပြောပြ ပေးပါလားဗျ။

အင်းလျားဝင်းက မြန်မာနိုင်ငံနဲ့ ရန်ကုန်မြို့ရဲ့တိုးတက်မှုတွေရဲ့ ရောင်ပြန် သက်ရောက်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့က နေရာထိုင်ခင်း အဆင့်အတန်းကို မြှုင့်တင်တဲ့နေရာတွေမှာ အစိုးရနဲ့ ပူးပေါင်း လုပ်ကိုင်ချင်ပါတယ်။ ကက်ပယ်လန်း အနေနဲ့က ကမ္ဘာ့အကောင်းဆုံး တွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြု ခံထားရပါတယ်။ ဒါကလည်း ကျွန်တော်တို့အတွက် အာဏာပိုင် တွေရယ်၊ စီးပွားရေး လုပ်ငန်းစုတွေနဲ့ ပူးပေါင်းနိုင်ဖို့ မျှော်လင့်ချက် ဖြစ်ပါတယ်။

 

ကက်ပယ်လန်း စီးပွားရေး လုပ်ငန်းစုက မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းတွေမှာ အခြေတကျ လုပ်ကိုင်နေတယ် ဆိုတော့ နောက်ထပ်ခင်ဗျားတို့ရဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ လုပ်ကိုင်ဖို့ ရှိနေတဲ့ ဗျူဟာမြောက် လုပ်ငန်းစဉ်တွေက ဘာတွေလဲခင်ဗျ။

ကျွန်တော်တို့ ဒီမှာဖွံ့ဖြိုးရေး လုပ်ငန်းတွေ လာလုပ်တဲ့ အချိန်တွေတုန်းက၊ ဒီနိုင်ငံမှာ ရင်းနှီး မြှုပ်နှံတာတွေ လာလုပ်တုန်းက ကက်ပယ်လန်း စီးပွားရေးလုပ်ငန်းစုရဲ့ တစ်ခြားအဖွဲ့အစည်းတွေက စိုးရိမ်ကြတယ်။ ကျွန်တော်ကတော့ အောင်မြင်မှာ သေချာပါတယ်လို့ ပြောပြခဲ့ပါတယ်၊ ကျွန်တော်တို့က ဒီနိုင်ငံအပေါ်မှာ ယုံကြည်မှု အပြည့်ရှိပါတယ်၊ ဒီမှာရှေ့လျောက် ရင်းနှီး မြှုပ်ပ်နှံဖို့ အခွင့်အလမ်းကောင်းတွေကို ရှာဖွေလျက်ရှိပါတယ်။ ရှိလာနိုင်သမျှ နေရာတွေမှာပါ၊ ဒီက စီးပွားဘက်တွေ၊ ဝန်ကြီးဌာနတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပူးပေါင်း လုပ်ကိုင်သွားမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly