မော်တော်ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်မည့်သူ နှစ်ဦး မကွေးမြို့သို့ ရောက်ရှိ

မော်တော်ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်မည့်သူ နှစ်ဦး မကွေးမြို့သို့ ရောက်ရှိ

မကွေး၊ မေ ၂၉ ။         ။ မြန်မာနိုင်ငံမှ UK သို့ မော်တော်ဆိုင်ကယ်ဖြင့်ကမ္ဘာပတ်မည့် မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သော ကိုအောင်ကျော်ဝင်း နှင့် ကိုစိုင်းဇွမ်ဖတို့သည် မေလ ၂၈ ရက်နေ့တွင် ပြည်မြို့မှ မကွေးမြို့သို့ ရောက်ရှိခဲ့ပြီး မကွေးမြို့တွင် လည်ပတ်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ နှစ်ဦးသည် မကွေးမြို့ရှိ မြသလွန်စေတီတော်၊ မကွေးတံတားနှင့် မင်းဘူးမြို့ရှိ ရေနံမြေများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး မေ(၂၉)ရက်နေ့၊ နံနံနက်ပိုင်းတွင် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာ ခဲ့ကြသည်။

မြန်မာနိုင်ငံမှ အင်္ဂလန်နိုင်ငံသို့ ဆိုင်ကယ်ဖြင့်သွားမည့် ခရီးစဉ်သည် ၎င်းတို့နှစ်ဦးအတွက် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ယင်းခရီစဉ်ကို မေလ(၂၆)ရက်နေ့မှ စတင်ကာ ရန်ကုန်၊ပြည်၊ မကွေး၊ မန္တလေး၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်မှ တဆင့် ထိုင်းဘက်ကိုသွားမည်ဖြစ်ကြောင်း ကိုစိုင်းဇွမ်ဖက ပြောသည်။

“ရန်ကုန်ကလာတဲ့ လမ်းမှာလည်း ဆိုရှယ်မီဒီယာကနေတဆင့် သိရှိတဲ့လူတွေများပြီး အားပေးမှုတွေ ရှိနေပါတယ်။ အခုက အရမ်းပူတဲ့ရာသီဖြစ်တဲ့အတွက် ဆိုင်ကယ်မောင်းတာ တစ်ရက်ကို(၅)နာရီဝန်းကျင်သာ မောင်းတယ်” ဟု ကိုစိုင်းဇွမ်ဖက ပြောသည်။

အင်္ဂလန်အပါအဝင် နိုင်ငံပေါင်း(၃၀)ကို ဖြတ်သန်းပြီးမိုင်ပေါင်း (၃၀၀၀၀) ကျော်မောင်းနှင်ခရီးသွားမည့် ခရီးစဉ်ကို BMWဆိုင်ကယ်များနှင့် သွားရောက်မည်ဖြစ်ကြောင်း ခန့်မှန်းခြေအရ ခရီးသွားကြာမြင့်ချိန် (၅)လ ကြာမည်ဟု ခန့်မှန်းထားကြောင်း ၎င်းတို့ခရီးစဉ်မှာ နိုင်ငံပေါင်း(၃၀)တွင်ရှိသော လှပသည့် နေရာများကို သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အင်္ဂလန်နိုင်ငံသို့ သွားမယ့်ခရီးစဉ်တလျောက်တွင် ဆိုရှယ်မီဒီယာကတဆင့် အတွေ့အကြုံ များကိုဝေမျှသွားမည်ဖြစ်ပြီး Channel9 မှလည်း ယခုခရီးစဉ်များကို စီးရီးအလိုက်ထုတ်လွှင့်ရန်  လုပ်ဆောင် သွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required