ကလေးမှာ အူအတက်ရောင်နေတာများလား

ကလေးမှာ အူအတက်ရောင်နေတာများလား

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
“ မေမေရေ ဗိုက်အောင့်တယ်” ဆိုတဲ့အသံလေး ကြားလိုက်ရရင် မေမေတို့မှာ ပျာယာခတ်ရတော့တာပဲ။ စိတ်လှုပ်ရှားလို့အောင့်တာ၊ အစာမကြေလို့အောင့်တာ၊ လေထိုးလေအောင့်ဖြစ်တာ ဒါမှမဟုတ် ကျောင်းမသွားချင်လို့ ဘေဘီတို့ဉာဏ်ဆင်တာလည်းဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ အစာကြေဆေး၊ လေဆေးလောက်နဲ့သက်သာတတ်ပေမယ့် တကယ်တမ်းအမြန်ကုသဖို့လိုတဲ့အခြေအနေသာဆို ဘယ်လိုလုပ်မလဲ။ အန္တရာယ်မရှိတဲ့ ဗိုက်အောင့်ခြင်းနဲ့ အူအတက်ရောင်တာလိုမျိုး ဗိုက်အောင့်တဲ့လက္ခဏာတွေကို ဘယ်လိုခွဲခြားမလဲ။

အကောင်းဆုံးက ကလေးရဲ့နာကျင်မှုအခြေအနေကို ဆန်းစစ်ပါ။ ကလေးက ဗိုက်အောင့်တယ်တော့ပြောတယ်၊ ဆော့နိုင်သေးတယ်၊ ရယ်နိုင်သေးတယ်၊ အစားစားနိုင်သေးတယ်ဆိုရင် သိပ်စိုးရိမ်ဖို့မလိုပါဘူး။ ကလေးက အောင့်တယ်ပြောတယ်၊ ပုံမှန်လုပ်နေကျတွေ ဘာမှမလုပ်နိုင်တော့ဘူးဆိုရင် ဆရာဝန်အမြန်ပြသင့်ပါတယ်။ အူအတက်ရောင်တာဖြစ်ခဲ့ရင် နောက်ကျလို့ အန္တရာယ်ရှိပါတယ်။ အမြန်ခွဲစိတ်ကုသဖို့လိုတဲ့ဝေဒနာဖြစ်ပါတယ်။

ကလေး ဗိုက်အောင့်တဲ့အခါ ဒီလက္ခဏာတွေဖြစ်လာရင် ဆရာဝန်အမြန်ပြပါ –

    ချက်နားကနေ စပြီးအောင့်ရာက ဝမ်းဗိုက်ညာဘက်အောက်နားထိ အောင့်လာတာမျိုး။ ဒီလက္ခဏာဆို အူအတက်ရောင်တာဖြစ်နိုုင်လို့ အရေးပေါ်ကုသမှုခံယူသင့်တယ်။
    အန်တဲ့အထဲ ဒါမှမဟုတ် ဝမ်းသွားတဲ့အထဲ သွေးပါနေတာ။
    အစိမ်းရောင်အရည်တွေအန်တာ။ သည်းခြေရည်ဖြစ်နိုင်တယ်။ အစာအိမ်  သို့မဟုတ် အူမှာ ပိတ်ဆို့တာ၊ ခေါက်တာကြောင့် ဒဏ်ဖြစ်တဲ့လက္ခဏာပါ။အမြန်ကုသမှုခံယူသင့်ပါတယ်။
    ဗိုက်က ပူဖောင်းနေတာ။ ပိတ်ဆို့မှု သို့မဟုတ် အူအတက်ရောင်ခြင်းလို တခြားပြဿနာတွေဖြစ်နေနိုင်တယ်။
    ဗိုက်ကို ဖိလိုက်ရင် အထူးသဖြင့် ဖိပြီးပြန်လွှတ်လိုက်ရင် နာကျင်တာ။ အူအတက်ရောင်တာကြောင့် ဝမ်းတွင်းမြှေးက ရောင်ရမ်းနေတာဖြစ်နိုင်ပါတယ်။
    ဗိုက်အောင့်နေတဲ့ ကလေးက ဘေးစောင်းပြီး ဒူးကွေးအိပ်နေတယ်ဆို အူအတက်ရောင်တာဖြစ်နိုင်ပါတယ်။
    ဗိုက်အောင့်လို့ဆိုပြီး လမ်းလျှောက်ရင် ခါးလေးကိုင်းပြီးလျှောက်တယ် ဆိုရင်လည်း သတိထားပါ။
    ချက်နားတဝိုက် ဒါမှမဟုတ် ဗိုက်ညာဘက်အောက်နားမှာ အဓိကအောင့်တာဖြစ်တယ်။ စစချင်းမှာ အောင့်ပြီး ပြန်ပျောက်သွားမယ်၊ နောက်မှ တဖြည်းဖြည်းဝေဒနာတိုးလာပြီး ပိုပြင်းထန်လာတတ်တယ်)
    အဖျားနည်းနည်းရှိတတ်တယ်။
    အစားသိပ်မစားတော့ဘူး။
    မအီမသာဖြစ်ပြီး အန်တာ။
    ဝမ်းပျက်တာ (နည်းနည်းလေးပဲ၊ အချွဲတွေပါတတ်တယ်)
    ဗိုက်ဖောင်းလာတယ်။

အူအတက်ရောင်တယ်ဆိုတာ အူမကြီးအစနား ဝမ်းဗိုက်ညာဘက်အောက်နားမှာရှိတဲ့ အူအတက် (appendix) ရောင်ရမ်းခြင်းဖြစ်ပါတယ်။ စစချင်းမှာ ချက်နားက စအောင့်ပေမယ့် နာရီအနည်းငယ်ကြာတဲ့အခါ နာကျင်မှုက ဝမ်းဗိုက်ညာဘက်အောက်နားကို ရွေ့လာပါတယ်။နာကျင်မှုစတင်လာပြီးနောက် ဖြစ်လာမယ့်လက္ခဏာတွေထဲမှာ အစားပျက်ခြင်း၊အဖျားငွေ့ငွေ့ရှိခြင်း၊ မအီမသာဖြစ်ခြင်း၊ပျို့အန်ခြင်းတို့ပါဝင်ပါတယ်။ ၂ နှစ်အောက် ကလေးတွေမှာဆို အဓိကလက္ခဏာတွေက ပျို့အန်ခြင်းနဲ့ ဗိုက်အောင့်ခွေခေါက်နေခြင်းပဲဖြစ်ပါတယ်။ ပိုကြီးတဲ့ကလေးတွေမှာတော့ ဝမ်းပျက်တာနဲ့ ဝမ်းချုပ်တာတွေဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကလေးတွေမှာဖြစ်တဲ့လက္ခဏာက အစာအိမ်နဲ့အူလမ်းကြောင်းရောင်ရမ်းခြင်း(gastroenteritis) ၊အစာအဆိပ်သင့်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေနဲ့ ဆင်တူတတ်လို့ အူအတက်ရောင်တာ ဟုတ်မဟုတ် ခွဲခြားရခက်နိုင်ပါတယ်။

အသက် ၅ နှစ်ကနေ ၉ နှစ်အတွင်း ကလေးတွေမှာအဖြစ်များတဲ့ gastroenteritis က အရေးပေါ်ကုသရတော့မလို ထင်ရပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဒီရောဂါက ချက်ချင်းကြီးဝေဒနာခံစားရတတ်ပေမယ့် မြန်မြန်ပဲသက်သာသွားလေ့ရှိပါတယ်။ အူအတက်လို ကြာနေမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဘာကြောင့်ပဲဖြစ်ဖြစ် ကလေးမှှာ ဒီလိုလက္ခဏာတွေ တွေ့ရတာနဲ့ အမြန်ဆုံးဆရာဝန်ပြဖို့ အရေးကြီးပါတယ်။

 ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly