ဒီမိုကရေစီ တရုတ်နိုင်ငံဆိုတဲ့ အိပ်မက်က ပို အလှမ်းဝေးသွားပြီလို့ ထျန်အန်မင် မျိုးဆက်တွေ ပြော

ဒီမိုကရေစီ တရုတ်နိုင်ငံဆိုတဲ့ အိပ်မက်က ပို အလှမ်းဝေးသွားပြီလို့ ထျန်အန်မင် မျိုးဆက်တွေ ပြော

ပေကျင်း၊ မေ ၂၉ ။            ။ ကျည်ဆန်နဲ့ တင့်ကားတွေကြား အသက်လု ပြေးခဲ့ရတဲ့ ကာလကနေ နှစ်ပေါင်း သုံးဆယ်အကြာမှာတော့ ထျန်အန်မင် တော်လှန်ရေး မျိုးဆက်တွေဟာ ဒီမိုကရေစီ တရုတ်နိုင်ငံ ဖြစ်ထွန်းရေးဟာ အရင်ကထက်ကို ပိုပြီး အလှမ်းဝေးသွားပြီလို့ မခံချိစွာ ပြောလာကြပါတယ်။

တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ်က ထျန်အန်မင်ရင်ပြင်မှာ လူထုစုရုံးမှုကနေ စတင်ပြီး တစ်နိုင်ငံလုံးအနှံ့ တော်လှန်ရေးဆင်နွှဲတဲ့ အရေးအခင်း ဖြစ်ပွားခဲ့ပါတယ်။

ဒီတော်လှန်ရေးအတွင်းမှာ ပါဝင်ခဲ့ပြီး ပြည်ပထွက်ပြေးခိုလှုံခဲ့တဲ့ ထျန်အန်မင်မျိုးဆက်တွေက ၎င်းတို့ရဲ့ မွေးရပ်မြေ တရုတ်နိုင်ငံဟာ အာဏာရှင်ဆန်မှုနဲ့ ချုပ်နှောင်ထိန်းကွပ်မှု အောက်မှာ ပိုပြီး သက်ဆင်းခဲ့ရပြီလို့ ပြောကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ဇွန် ၄ ရက် အရေးအခင်းလို့ ခေါ်လေ့ရှိတဲ့ ထျန်အန်မင်အရေးအခင်းဟာ ခုအချိန်မှာ နှစ်သုံးဆယ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဒီ ထျန်အန်မင်အရေးအခင်းကို အနောက်နိုင်ငံတွေက ထျန်အန်မင်လူသတ်ပွဲလို့လည်း ခေါ်ဆိုကြပါတယ်။

ဒီမိုကရေစီအရေး လှုပ််ရှားတက်ကြွတဲ့ ဒီအရေးအခင်းကို တရုတ်အစိုးရဟာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့ရာမှာ လူအသေအဆုံး များပြားခဲ့ပါတယ်။

ယနေ့ခေတ် သမ္မတ ရှီကျင့်ဖျင်လက်အောက်က တရုတ်နိုင်ငံဟာ ခေါင်းဆောင်ဟောင်း မော်စီတုံးနောက်ပိုင်း မကြံဖူးတဲ့ ဖိနှိပ်ချုပ်ချယ်မှု  အဆင့်တစ်ခုစီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

နည်းပညာဖြတ်တောက်မှုတွေနဲ့ ပါတီရဲ့ အာဏာနဲ့ ဝေဖန်သူတွေကို အသံမထွက်အောင် ဖိနှိပ်မှုတွေက ခေတ်ဟောင်းအတိုင်း ရှိနေဆဲဖြစ်တယ်လို့ ထျန်အန်မင်မျိုးဆက်တွေက ပြောကြပါတယ်။

“ဖြစ်ပျက်နေတာတွေကို ကြည့်တာနဲ့ တရုတ်နိုင်ငံအတွက် အပြုသဘောရှုမြင်စရာ အကြောင်းရင်းခံ ဘာမှ မရှိဘူးဆိုတာကို မြင်မှာပါ။ တရုတ်နိုင်ငံဟာ တစ်နေ့ထက် တစ်နေ့ အမှောင်ဖုံးလွှမ်းလာတယ်။”လို့  ထျန်အန်မင်အရေးအခင်းအပြီး အစိုးရရဲ့ အလိုရှိိဆုံး နံပါတ် ၅ စာရင်းဝင် ကျောင်းသားခေါင်းဆောင်ဟောင်း ကျို့ဖိန်စုက ပြောပါတယ်။

“တရုတ်နိုင်ငံ ဒီလို ဖြစ်လာမယ်ဆိုတာကို မတွေးမိခဲ့အောင်ပါပဲ။ ဒါပေမယ့် အခု တကယ်ဖြစ်လာပြီး အရင်ခေတ်ကထက်ကို ပိုဆိုးနေပါတယ်။”လို့ လက်ရှိမှာ အမေရိကန်မှာ နေထိုင်နေတဲ့ ကျို့ဖိန်စုက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required