အကြမ်းဖက်သမားတွေ ရန်ကနေ မိဘမဲ့ မြေးငယ်တွေကို AK-47 ကိုင်ပြီး ကျွေးမွေးစောင့်ရှောက်နေတဲ့ အာဖဂန် အဘွားအို

အကြမ်းဖက်သမားတွေ ရန်ကနေ မိဘမဲ့ မြေးငယ်တွေကို AK-47 ကိုင်ပြီး ကျွေးမွေးစောင့်ရှောက်နေတဲ့ အာဖဂန် အဘွားအို

ကဘူးလ်၊ မေ ၂၈ ။        ။ အဘွားအို နီအက်ဘီဘီရဲ့ မျက်နှာပေါ်က အရေးအကြောင်းတွေဟာ သူ့ရဲ့ ဘဝဖြတ်သန်းမှု သက္ကရာဇ်နှစ်တွေကို ထင်ဟပ်ပြနေတဲ့ အလားသဏ္ဍန်မျိုး ရှိနေပါတယ်။ နက်ရှိုင်းတဲ့ မျက်နက်ဝန်း မှုန်မှိုင်းမှိုင်းဟာ သူ့ရဲ့ ဆုံးရှုံးခံစားခဲ့သမျှအတွက် စကားလုံးမလိုပဲ အတိတ်အကြောင်း ပြောနေသလိုပါပဲ။

အာဖဂန်နစ္စတန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်က ကို့ခရိုင်က အဘွားအို ဘီဘီဟာ သူ့ရဲ့ သားသုံးဦးကို အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေက ခေါင်းဖြတ်သတ်ပြီး မြေးငယ်သုံးဦးကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တာကို ရင်ဆိုင်ခဲ့ရသူပါ။

သူနေထိုင်ရာ အရပ်ဒေသဟာ တာလီဘန်ရော၊ အိုင်အက်စ်တွေပါ ကြီးစိုးတဲ့ အရပ်ဒေသလည်းပဲ ဖြစ်ပါတယ်။

ခုချိန်မှာ အသက် ၇၀ ရှိပြီဖြစ်တဲ့ ဘီဘီဟာ မိဘတွေ သေဆုံးလို့ ကျန်ရစ်တဲ့ မိဘမဲ့ မြေးလေးငယ်လေးတွေ စုစုပေါင်း အယောက် ၄၀ ကို တစ်ကိုယ်တော် အားအင်နဲ့ ကျွေးမွေးစောင့်ရှောက်နေရပါတယ်။
ဒီ မြေးလေးတွေကို အလှူခံရှာကျွေးရင်း အကြမ်းဖက်သမားတွေ ရန်ကနေလည်း ရိုင်ဖယ်တစ်လက်ကို ကိုင်ဆောင်လို့ ရင်အုပ်မကွာ စောင့်ရှောက်နေတာလည်း ဖြစ်ပါတယ်။

“အဘွားက ဒီမြေးလေးတွေကို ကျွေးမွေးပေးကမ်းနိုင်ဖို့ အိမ်နီးချင်းတွေနဲ့ အခြားသူတွေဆီကနေ အမြဲပဲ အလှူခံနေရတာပါ။”လို့ အဘွားအို ဘီဘီက ပြောပါတယ်။

“အဘွားမှာ အဘွားရဲ့ မြေးလေးတွေကို ဘယ်လို တိုက်ခိုက်မှုမျိုးမဆိုကနေ စောင့်ရှောက်ဖို့ ဒီလက်နက်တစ်လက်တော့ ရှိထားတယ်။”လို့ AK-47 ရိုင်ဖယ်ကို ဆုပ်ကိုင်ရင်း အဘွားအို ဘီဘီက အားမန်ပါပါနဲ့ ပြောခဲ့ပါတယ်။

ဒီလို အားမန်တင်း စောင့်ရှောက်နေပေမယ့်လည်း အဘွားအို ဘီဘီရဲ့ ဝမ်းနည်းကြေကွဲမှုဟာ စိတ်ကူးလို့တောင် မရနိုင်ဘဲ ဒုက္ခအတိပြီးတဲ့ ဘဝကို ရှေ့ဆက်လျှောက်လှမ်းနေရတာပဲ ဖြစ်ပါတော့တယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required