မြန်မာ့ရုပ်ရှင်နှစ် ၁ဝဝ ပြည့်ပွဲတော်တွင် ပရိသတ်များ ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ထား

မြန်မာ့ရုပ်ရှင်နှစ် ၁ဝဝ ပြည့်ပွဲတော်တွင် ပရိသတ်များ ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ထား

ရန်ကုန်၊ မေ ၂၈ ။         ။ မြန်မာ့ရုပ်ရှင်နှစ် ၁ဝဝ ပြည့်ပွဲတော်ကို ၂ဝ၂ဝ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပ သွားမည် ဖြစ်ပြီး ရုပ်ရှင်လောကသားများသာမက ပရိသတ်များပါ ပါဝင်ဆင်နွှဲနိုင်စေရန် ရည်ရွယ်ထားသည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဇင်ဝိုင်းက မဇ္စျိမကို ပြောသည်။

 “နှစ် ၁ဝဝ အတွင်း မြန်မာ့ရုပ်ရှင် ဖြတ်သန်းလာမှုကို ဖော်ကျူးမယ်။ ပြီးရင် နှစ် ၁ဝဝ ကာလအတွင်းမှာ တာဝန်ကျေခဲ့ကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေကိုလည်း ထုတ်ဖော်ဂုဏ်ပြုဖို့၊ နောက်တစ်ခါကျတော့ ဒီပွဲတော်ကို အမှီပြုပြီးမှ မျိုးဆက်သစ်တွေရော၊ မျိုးဆက်ဟောင်းတွေရော ရုပ်ရှင်လောကသားတွေ အားလုံး ညီညွတ်စွာနဲ့ ဒီနှစ် ၁ဝဝ ရဲ့ ဟိုဘက်မှာ ပိုတိုးတက်အောင် ဆောင်ရွက်ဖို့၊ နောက်ဆုံး အချက်ကတော့ နှစ် ၁ဝဝ တိုင်အောင်  ကျွန်တော်တို့ကို အားပေးခဲ့ကြတဲ့၊ ကြည့်ရှုခဲ့ကြတဲ့ ပြည်သူအများပေါ့နော် ပရိသတ်များကို ပြန်ကျေးဇူးဆပ်ဖို့ပေါ့နော်။ အဲ့ဒီ အချက် ၄ ချက်နဲ့ ကျင်းပဖို့ လုပ်တာပါ” ရုပ်ရှင်ဥက္ကဋ္ဌ ဇင်ဝိုင်းက ပြောသည်။

ယခင်က မြန်မာ့ရုပ်ရှင် ၇၅ နှစ်ပြည့်ပွဲတော်ကျင်းပခဲ့ပြီး နှစ် ၁ဝဝ ပြည့်ပွဲတော်ကိုလည်း ၇၅ နှစ်ပြည့်ပွဲတော် နည်းတူ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အရင်လုပ်ခဲ့တာတော့ ရှိပါတယ်။ အဲဒါကို ဘယ်လိုလုပ်မလဲ ထပ်စဉ်းစားရမှာပေါ့။ အရင်က နှစ် ၁ဝဝ မတိုင်ခင်မှာ ၇၅ နှစ်မြောက်လုပ်ခဲ့တာ ရှိပါတယ်။ အဲ့တုန်းက တပ်မတော်ပြခန်းမှာပေါ့။ အဲ့မှာ နှစ်အလိုက် ပြခန်းတွေ ဖွင့်လှစ်ပါတယ်။ ညဘက်မှာတော့ ကျွန်တော်တို့ အမျိုးသားကဇာတ်ရုံမှာ ပြဇာတ်ကပြပါတယ်။ နေ့ခင်းမှာလည်း မြို့ထဲက ရုပ်ရှင်ရုံတွေမှာ ၇၅ နှစ်အတွင်း အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေကို ပြသခဲ့တာ ရှိပါတယ်။ ဒါတော့ အဲ့တုန်းက လုပ်ခဲ့တာပေါ့။ အခုလည်း ဒါတွေကို လုပ်ဖို့ရယ်၊ အများသူငါ လာရောက်နိုင်တဲ့ ပွဲတစ်ပွဲ လုပ်ဖို့ ရည်ရွယ်ထားပါတယ်” ၄င်းက ပြောသည်။

ထို့အပြင် နှစ် ၁ဝဝ ပြည့်အထိမ်းအမှတ် ပွဲတော်မတိုင်ခင် နှစ်ပေါင်း ၁ဝဝ အတွင်း အာပေးခဲ့သော ပရိသတ်ကို ကျေးဇူးတုံ့ပြန်သောအားဖြင့် အကြိုလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“နောက်လ ၁၈ ရက်နေ့ဆို ကျွန်တော်တို့ ချောက်မြို့မှာ သွားပြီးတော့ အပူဒဏ်ကို ကာကွယ်နိုင်ဖို့ သစ်ပင်ပေါင်း ၂၅ဝဝ ကျော် စိုက်ဖို့ ရှိပါတယ်။ နောက်လတွေမှာလည်း သောက်သုံးရေကန်တွေပေါ့နော်။ အခု ၃ ကန်ပြီးပါပြီ။ နောက်ထပ် ၁ဝ ကန်အထိ သူတို့ လုပ်မှာပါ” ဟု ၄င်းက ပြောသည်။

ထိုကဲ့သို့ ရုပ်ရှင်နှစ် ၁ဝဝ ပြည့်အလှူများကို ၂ဝ၂ဝ ဧပြီလမှ စက်တင်ဘာလ အထိ ၆ လအတွင်းတွင်လည်း တစ်လ တစ်ကြိမ်ပြုလုပ်သွားမည် ဖြစ်ကြောင်း ထပ်မံသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly