မိခင်နို့တိုက်ကျွေးတဲ့မိခင်တွေ နှလုံးရောဂါဖြစ်နိုင်ခြေပိုနည်း

မိခင်နို့တိုက်ကျွေးတဲ့မိခင်တွေ နှလုံးရောဂါဖြစ်နိုင်ခြေပိုနည်း

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


မိခင်မေတ္တာဆိုတာ စုန်ရေလို့ ပြောကြပါတယ်။ ကိုယ့်ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတဲ့ သားသမီးလေးတွေကို ကိုယ့်ရဲ့အသွေးအသားကဖြစ်တဲ့ မိခင်နို့ရည်တိုက်ကျွေးကြတာ မေတ္တာအပြည့်နဲ့ပါ။ ဒီလိုမေတ္တာကြီးတဲ့ မေမေတို့အတွက် သဘာဝက ပြန်ပေးထားတဲ့လက်ဆောင်တစ်ခုကို သုတေသနအသစ်က ဖော်ထုတ်ပြလိုက်ပါတယ်။

ကလေးကို မိခင်နို့တိုက်ကျွေးတဲ့အမျိုးသမီးတွေဟာ အသက်ကြီးလာတဲ့အခါ နှလုံးရောဂါဖြစ်နိုင်ခြေပိုနည်းတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ မိခင်နို့တိုက်တဲ့ကာလကြာလေ နှလုံးရောဂါအန္တရာယ်ပိုနည်းလေဖြစ်ပါတယ်တဲ့။

လေ့လာမှုမှာ သုတေသီတွေက သွေးဆုံးပြီးအမျိုးသမီးတွေရဲ့ နှလုံးနဲ့သွေးကြောကျန်းမာရေးကိုစစ်ဆေးပြီး အရင်က မိခင်နို့တိုက်ကျွေးမှု အကြောင်းနဲ့ပတ်သက်ပြီး ဆန်းစစ်ခဲ့ပါတယ်။

ကိုယ်အလေးချိန်၊အသက်အရွယ်၊ကိုလက်စထရောပမာဏနဲ့ ဆေးလိပ်သောက်တဲ့အမူအကျင့် စတဲ့ နှလုံးကျနး်မာရေးကို သက်ရောက်မှုရှိနိုင်တဲ့ တခြားအချက်တွေကို ချိန်ညှိပြီးတဲ့နောက် မိခင်နို့တိုက်ကျွေးတဲ့အမျိုးသမီးတွေဟာ အသက်ကြီးလာတဲ့အခါ နှလုံးရောဂါဖြစ်နိုင်ခြေပိုနည်းတယ်လို့ ကောက်ချက်ချခဲ့တာဖြစ်ပါတယ်။

ကလေးကို နှစ်ကြာတဲ့အထိ မိခင်နို့တိုက်ခဲ့တဲ့ အမျိုးသမီးတွေမှာ ဒီအကျိုးကျေးဇူးက အသိသာဆုံးဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

“ ဒီတွေ့ရှိချက်က ကနဦးအဆင့်ပဲရှိသေးတာဖြစ်ပါတယ်။ ဒီလိုသက်ရောက်မှုရှိစေတဲ့ နောက်ခံအကြောင်းရင်းတွေကို သေချာလေ့လာဖော်ထုတ်နိုင်ဖို့ကို စိတ်ဝင်စားနေပါတယ်။” လို့ ဂရိနိုင်ငံ University of Athens မှ သုတေသီ Irene Lambrinoudaki ကပြောပါတယ်။

ဒီသက်ရောက်မှုကို သက်သေပြနိုင်ရင် အမျိုးသမီးတွေအနေနဲ့ သူတို့နဲ့ကလေးတွေအပေါ်ရရှိလာမယ့် အရင်တည်းကသိပြီးသား ရေတို၊ရေရှည်အကျိုးကျေးဇူးတွေအပြင် ကလေးကိုမိခင်နို့တိုက်တဲ့ အကြောင်းရင်းတစ်ခု ထပ်ရတာပေါ့ လို့ သူကထပ်ပြောပါတယ်။

အရင်သုတေသနတွေမှာတော့ မိခင်နို့တိုက်ကျွေးခြင်းက ကလေးမွေးပြီး စိတ်ဓာတ်ကျခြင်းနဲ့ ကင်ဆာဖြစ်နိုင်ခြေတွေ ပိုနည်းစေတဲ့အေြာကာင်း တွေ့ရှိထားတာဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတာဟာ မေမေတို့အတွက် ကျန်းမာတဲ့ကိုယ်အလေးချိန်ထိန်းသိမ်းနိုုင်ဖို့ကူညီပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေဟာ နို့တိုက်မိခင်တွေမှာprolactin ဟော်မုန်းမြင့်မားမှုနဲ့ ဆက်နွှယ်နေနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။

prolactin ဟော်မုန်းက နှလုံးရောဂါအန္တရာယ်သိပ်များစေတဲ့ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေတယ်လို့ မကြာသေးခင်က သုတေသနတွေကဖော်ပြထားပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly