နို့တိုက်မေမေ အချိုရည်တွေသောက်လို့ဖြစ်ရဲ့လား

နို့တိုက်မေမေ အချိုရည်တွေသောက်လို့ဖြစ်ရဲ့လား

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

စားချင်တိုင်းမစားနဲ့နော်။ နို့တိုက်နေရတာနော်။ ကလေးတစ်ခုခုဖြစ်နေမယ်၊လို့ ဘေဘီလေးရဲ့ ဖွားဖွားက ဆူတာကိုခံနေရတဲ့ မေမေတွေများရှိနေလား။ အခုလိုနွေပူရင် အချိုရည်အေးအေးလေးသောက်ချင်ပေမယ့် ဖွားဖွားက ဆူလို့မသောက်ရဘူးဖြစ်နေတဲ့မေမေတွေကို ဒီဆောင်းပါးလေးကနေတဆင့် ဘာကြောင့် အချိုရည်မသောက်ဖို့ ဖွားဖွားတို့ပြောရတာလဲဆိုတာ ရှင်းပြပါရစေနော်။
မိခင်စားသမျှ နို့ရည်ကနေတဆင့် ဘေဘီလေးတို့ဆီရောက်သတဲ့

မေမေတစ်ယောက်က နို့တိုက်နေချိန်မှာ စားလိုက်သမျှအစားအစာတွေက နို့ရည်ကနေတဆင့် သားသားမီးမီးလေးတို့ဆီရောက်သွားပါတယ်နော်။ နို့တိုက်နေချိန်မှာ မေမေက အရက်သောက်တာဖြစ်ဖြစ်၊ ကဖင်းတွေသောက်သုံးတာဖြစ်ဖြစ်၊ ဆေးဝါးတွေသောက်သုံးတာပဲဖြစ်ဖြစ် မေမေနို့ကနေတဆင့် ဘေဘီလေးဆီရောက်သွားတာပါပဲ။ အပြည့်အဝတော့မဟုတ်ပေမယ့် ဘေဘီလေးကို ထိခိုက်နိုင်ခြေကတော့ ရှိနေဆဲပါ။ မေမေ့အနေနဲ့ကြည့်တော့ နည်းနည်းလေးပဲဆိုပေမယ့် ကလေးကအရမ်းငယ်သေးတာကြောင့် ထိခိုက်နိုင်ခြေကတော်တော်လေးများသေးတာပါနော်။

ဒါတွေတင်မဟုတ်ပါဘူးနော်။ မေမေစားလိုက်တဲ့အချို့သောအစားအစာတွေက ကလေးကို လေနာဖြစ်စေနိုင်ပါတယ်။ ဘာမှာမစားတတ်သေးဘဲ မေမေ့နို့ကိုပဲ အာဟာရဖြည့်နေရတဲ့ ဘေဘီလေးအဖို့က မေမေစားတာတစ်ချက်မှားတာနဲ့ ထိခို်က်နိုင်ခြေက ရာနှုန်းပြည့်ပါနော်။ ဒါကြောင့် မေမေတို့ကို နို့တိုက်နေချိန်မှာ အစားအသောက်ဆင်ခြင်ဖို့ပြောရတာပါ။
အချိုရည်မသောက်ပါနဲ့လို့ ဒါကြောင့်ပြောရတာပါ

ရာသီဥတုပူတယ်၊ အစာမကြေဘူးထင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ်ကြိုက်တဲ့ အချိုရည်တစ်ခုခုကိုသောက်လိုက်တယ်။ ဘာမှမဖြစ်လောက်ပါဘူး။ ကလေးကို တိုက်တာမှမဟုတ်ဘဲလို့များတွေးနေလား။ ဒီအချိုရည်တွေက သောက်လိုက်တုန်းမှာ အရသာရှိသလို အမောပြေတယ်၊ အစာကြေတယ်ဆိုပေမယ့် နို့ရည်ကနေတဆင့် ဘေဘီလေးဆီပါသွားရင်တော့ စိတ်ညစ်စရာ ဇာတ်လမ်းက စလာပါပြီ။

နောက်တစ်ခုဆိုးတာရှိသေးတယ် ဒါကတော့ အားပြည့်လန်းဆန်းစေတယ်ဆိုတဲ့ အားဖြည့်အချိုရည်တွေလေ။ ဒါတွေကတော့ လုံးဝကိုရှောင်ရမှာပါနော်။ မေမေ့အတွက်ရော ဘေဘီအတွက်ရော ကောင်းကျိုးမပြုတဲ့အရာတွေပေါ့။ ပင်ပန်းနေတဲ့ အချိန်မှာ သောက်လိုက်မယ်ဆိုရင် အားပြည့်သွားသလိုခံစားရနိုင်ပေမယ့် အားဖြည့်အချိုရည်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေက ထိခိုက်မှုများစေတာတော့အမှန်ပါပဲ။

အချိုရည်မှာ ပုံမှန်ထက်အချိုပါဝင်မှုများပါတယ်။ ဒါ့အပြင်ကဖင်းဓာတ်ပါဝင်မှုရှိတာကြောင့် မေမေ့အတွက်ရော ဘေဘီလေးအတွက်အဆင်မပြေပါဘူး။ ကဖင်းပါတဲ့အရာတွေက သောက်ပြီး မိနစ် ၆၀ အတွင်းမှာ ပါဝင်မှုအားအများဆုံးဖြစ်တာကြောင့် ဒီအချိန်မျာ ကလေးကိုနို့တိုက်လိုက်မယ်ဆိုရင် ကလေးကိုအစာခြေစနစ်မအီမသာဖြစ်တာအပြင် ဝမ်းနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုပါခံစားရစေနိုင်ပါတယ်။ ဒါ့ကြောင့် ဖွားဖွားတို့က မေမေ့အစားတစ်လုတ်ကြောင့် ဘေဘီလေးမှာ မထိခိုက်စေဖို့ မေမေတို့ကို အချိုရည်မသောက်ဖို့ပြောရတာပါနော်။

အချိုရည်တင်လား

နို့တိုက်မေမေတို့ မသောက်သင့်တာက အချိုရည်တင်လားဆိုတော့ မဟုတ်ပါဘူး။ ဒါလေးတွေကိုလည်းသတိထားရမှာပါ။

  •     ချောကလက်
  •     လက်ဖက်စိမ်းရေနွေးကြမ်း
  •     နို့ချောကလက်ဖျော်ရည်
  •     ကော်ဖီ
  •     လက်ဖက်ရည်
  •     ကိုကာကိုလာ
  •     အားဖြည့်အချိုရည်တွေ
  •     လက်ဖက်သုပ်တို့ကိုလည်း စားလို့မဖြစ်ပါဘူး။

နို့တိုက်မေမေအနေနဲ့ ဆေးတစ်ခုခုသောက်တော့မယ်ဆိုရင်လည်း ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပြီးမှသောက်သင့်တာပါ။ ဒါမှ မေမေလည်းပျော်ရွှင်ပြီး ဘေဘီလေးလည်းကျန်းမာမှာပါနော်။ နွေပူလို့ အေးတာလေးတစ်ခုခုသောက်ချင်တယ်ဆိုရင် သံပုရာသီးစစ်စစ်ကိုဖျော်ထားတဲ့ သံပုရာရည်လေးသောက်ပေးလို့ရပါတယ်။ သဘာဝအသီးဖျော်ရည်လေးတွေကို အထိုက်အသင့်သောက်သုံးပေးလို့ရပါတယ်နော်။ဒါကြောင့် ဘေဘီလေးကိုနို့တိုက်နေရတယ်ဆိုရင် အချိုရည်တွေ။ ကော်ဖီ၊လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေကို တတ်နိုင်သမျှရှောင်လို့ သဘာဝ အရသာလေးတွေကိုပဲ စားသုံးပေးပါလို့ အကြံပြုပါရစေနော်။ နောက်ဆုံးတစ်ချက်အနေနဲ့ မှာချင်တာက ဂျင်ဆင်းလိုမျိုး အားဖြစ်ပါတယ်ဆိုတဲ့ အရာတွေနဲ့ ဆေးဖက်ဝင်တယ်ဆိုတဲ့ ရေနွေးကြမ်းတွေကို မသောက်ဖို့ပါ။ ဒါတွေက ဘေဘီလေးတို့အတွက် လုံးဝအဆင်မပြေပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly