စင်ကာပူအသင်းကို ယှဉ်ပြိုင်ရန်အတွက် ပြည်ပရောက်ကစားသမားများကို အားဖြည့်ခေါ်ယူ

စင်ကာပူအသင်းကို ယှဉ်ပြိုင်ရန်အတွက် ပြည်ပရောက်ကစားသမားများကို အားဖြည့်ခေါ်ယူ
ဓာတ်ပုံ - CHIANERA FC

မေလ ၂၈ ။         ။ ဖီဖာနိုင်ငံတကာခြေစမ်းပွဲအဖြစ် စင်ကာပူအသင်းနှင့် ကစားရမည့် ပွဲစဉ်အတွက် မြန်မာအသင်း၏ ကစား သမားစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ရာ ပြည်ပသို့ သွားရောက်ကစားနေသော ကစားသမားများလည်း ပါဝင်လာခဲ့သည်။

စင်ကာပူ ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်အရ  မြန်မာအမျိုးသားလက်ရွေးစင်အသင်းကြီးသည် လာမည့်ဇွန်လ ၁၁ ရက်နေ့  ည ပိုင်း၌ စင်ကာပူနိုင်ငံရှိ စင်ကာပူအမျိုးသား အားကစားကွင်း တွင် စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

" တချို့ကစားသမားတွေက အကြိုခေါ်ထားလို့ရတဲ့ကစားသမားတွေကို ၂၈ ရက်နေ့မှာ ခေါ်ထားပါတယ်။ ပြီးတာနဲ့ ထိုင်းက ကစားသမားတွေ အောင်သူ၊ ကျော်ကိုကို တို့ကို ၃၀ ရက်နေ့လောက် စပြီးသူတို့လာ ဆက်သွယ်မယ်။ ၃ ရက်နေ့ကြရင် ကစားသမား အားလုံး စုံမယ်။ ၂၆ ဦးလုံး စုံမယ်။ ၃ ရက်နေ့မှာ စတင်ပြီး လေ့ကျင့်ခန်း စဆင်းကြမယ်။ တပြိုင်နက်တည်း ၃ ရက်နေ့ ကနေ ၉ ရက်နေ့အထိကို လေ့ကျင့်ခန်း လုပ်သွား မယ်။ ၉ ရက်နေ့ကြရင်တော့ စင်္ကာပူကို ထွက်မယ်။ ၁၁ ရက်နေ့မှ စင်္ကာပူနဲ့ ကန်မယ်”ဟု  မြန်မာနိင်ငံ ဘောလုံး အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

မြန်မာအမျိုးသားလက်ရွေးစင်အသင်းကြီး၏ နည်းပြချုပ်ဖြစ်သော မီရိုဒရပ် ရာဒူလိဗစ်သည် မေလ ၂၇ ရက်နေ့ ညပိုင်းတွင် စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်မည့် မြန်မာအသင်း၏ ပဏာမ ကစားသမား၂၆ ဦးစာရင်း ကို ထုတ်ပြန်ခဲ့သည်။

ပဏာမ ၂၆ ဦးစာရင်းတွင် ပြည်ပနိုင်ငံများ၌ သွားရောက်ကစားနေသည့် မြန်မာလက်ရွေးစင်ကစားသမား စုစုပေါင်း  ၆ ဦးအထိ ပါဝင်လာပြီး ကျော်ကိုကို ၊ အောင်သူ၊ ဇော်မင်းထွန်း ၊ စည်သူအောင် ၊ သန်းထက်အောင် ၊ သိန်းသန်းဝင်း (လက်ရှိ ရတနာပုံ) စသည့် ကစားသမားများ ပါဝင်လာခဲ့သည်။

နည်းပြချုပ် မီရို အနေဖြင့် စင်ကာပူ သို့မထွက်ခွာမီ ဂိုးသမားတစ်ဦးနှင့် ကစားသမား နှစ်ဦးကို ချန်လှပ် ထားရှိခဲ့ရမည်ဖြစ်ပြီး ဇွန်လ ၉ ရက်နေ့တွင် အပြီးသတ် ကစားသမား၂၃ ဦးကို ရွေးချယ်သွားမည်ဟုသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly