ဘရာဇီး အကျဉ်းထောင် ၄ ခုမှာ ဂိုဏ်းဂဏရန်ပွဲတွေ ထပ်ဖြစ်လို့ လူ ၄၀ ထက်မနည်း သေဆုံး

ဘရာဇီး အကျဉ်းထောင် ၄ ခုမှာ ဂိုဏ်းဂဏရန်ပွဲတွေ ထပ်ဖြစ်လို့ လူ ၄၀ ထက်မနည်း သေဆုံး
photo - AFP

မေ ၂၈ ။            ။ ဘရာဇီးနိုင်ငံမြောက်ပိုင်းက အကျဉ်းထောင် လေးခုမှာ ယမန်နေ့ မေလ ၂၇ ရက်က ဂိုဏ်းဂဏဆန်ဆန် ရန်ပွဲတွေ ထပ်ဖြစ်ခဲ့ပြန်လို့ အနည်းဆုံး ထောင်သား ၄၀ ဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒါဟာ လူပြည့်ကျပ်နေပြီး မကြာခဏ လူသေဆုံးမှုတွေ ရှိနေတဲ့ နိုင်ငံရဲ့ အကျဉ်းထောင် ဖွဲ့စည်းမှုအပေါ် ထပ်မံရိုက်ခတ်လာခဲ့တဲ့ ဆိုးဝါးတဲ့ ဖြစ်ရပ်တွေလည်း ဖြစ်ပါတယ်။

အစောပိုင်းတစ်နေ့ မေလ ၂၆ ရက်ကမှ အကျဉ်းထောင်တစ်ခုမှာ ခိုက်ရန်ဖြစ်ကြလို့ လူ ၁၅ ယောက်သေဆုံးတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ပြီး နောက်တစ်နေ့ အကြာမှာပဲ ခုလိုသေဆုံးမှုတွေ ထပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ယခုတစ်ကြိမ် မတူညီတဲ့ အကျဉ်းထောင်အသီးသီးမှာ သေဆုံးသွားကြတဲ့ ထောင်သားတွေမှာတော့ အောက်ဆီဂျင် မရလို့ မွန်းကျပ် သေဆုံးသွားတဲ့ လက္ခဏာရပ်တွေ တွေ့ရှိရကြောင်း အမေဇိုနက်စ် ပြည်နယ် အစိုးရက ထုတ်ပြန်ထားပါတယ်။

ပြည်နယ်ရဲ့ မြို့တော် မန်နောက်စ် အနီးက အန်တိုနီယို ထရင်ဒါဒီ အကျဉ်းထောင်တစ်ခုထဲမှာတင် သေဆုံးသူ ၂၅ ဦးအထိ ရှိခဲ့ကြောင်း သိရပါတယ်။

ခုလို အကျဉ်းသား ဂိုဏ်းအုပ်စုတွေအကြား ခိုက်ရန်ဖြစ်ပွား သတ်ဖြတ်မှုတွေမှာ သေနတ် ဒါမှမဟုတ် ဓားတွေကို အသုံးပြုသွားခြင်း မရှိဘူးလို့လည်း ထောင်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ အကျဉ်းထောင်တွေအတွင်း ရောက်နေတဲ့ အကျဉ်းသားဂိုဏ်းအုပ်စုတွေ အချင်းချင်းအကြားက ရန်ပွဲတွေ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

လက်ရှိမှာတော့ အကျဉ်းထောင်တွေအတွင်း လုံခြုံရေးကို မြှင့်တင်နိုင်ဖို့အတွက် ဖက်ဒရယ်အစိုးရဘက်က အားချင်း စီစဉ်မှုတွေ ပြုလုပ်နေလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required