ဆီးရီးယားကို ဗုံးကြဲရန် ရာသီဥတုကောင်းဟု ရုရှမိုးလေဝသအစီအစဉ်တွင် ပြောကြား

ဆီးရီးယားကို ဗုံးကြဲရန် ရာသီဥတုကောင်းဟု ရုရှမိုးလေဝသအစီအစဉ်တွင် ပြောကြား

မော်စကို၊ အောက်တိုဘာ-၇ ။              ။ ရုရှနိုင်ငံတွင် သတင်းအစီအစဉ်များကို ဆီးရီးယားလေကြောင်းစစ်ဆင်ရေးကသာ လွှမ်းမိုးထားရာ၊ မိုးလေဝသ သတင်းပို့ချက်များအထိပင် နေရာယူနေသည်ဟု ဆိုသည်။

အေအက်ဖ်ပီ၏ ဘာသာပြန်ချက်အရ ရုရှ၏ နိုင်ငံပိုင်သတင်းချဲနယ် Rossiya 24မှ မိုးလေဝသခန့်မှန်းသူက ယခုလ ဆီးရီးယားရာသီဥတုမှာ စစ်ဆင်ရေးဆင်နွှဲရန် အကောင်းဆုံးဖြစ်သည်ဟု   ပြောကြားသွားခဲ့သည်။

ခန့်မှန်းသူက ဗုံးကြဲလေယာဉ်တစ်စင်းဘေးတွင် ပျံသန်းမှုရာသီဥတုဟု ရေးသားထားသည့် ဂရပ်ပုံရှေ့တွင် မတ်တပ်ရပ်လျှက် ဆီးရီးယားရာသီဥတုကို ပြောပြနေသည်။ အနည်းငယ် တိမ်ထူထပ်နေသည့်ကောင်းကင်မှာ ပျံသန်းမှုအတွက် အနှောင့်အယှက်မဖြစ်သလို လက်နက်များ၏ ပစ်မှတ်ချိန်ရွယ်မှုစနစ်ကိုလည်း လွှမ်းမိုးပြုပြင်နိုင်ခြင်းမရှိကြောင်း ခန့်မှန်းသူက ကြည့်ရှုသူများကို ပြောပြနေသည်။

လေကြောင်းစစ်ဆင်ရေး စတင်ရမယ်အချိန်ကို ကောင်းကောင်းရွေးချယ်ထားတယ်ဆိုတာကို ကျွမ်းကျင်သူတွေက သတိပြုမိကြပါတယ်ဟု သူမက ပြောကြားခဲ့သည်။

ဆီးရီးယားရာသီဥတုမှာ ဗုံးကြဲရန်အကောင်းဆုံးဟု ဆိုသော်လည်း ရုရှလေယာဉ်မှူးတစ်ဦးက မတော်တဆ တူရကီလေပိုင်နက်အတွင်းသို့ ပျံသန်းဝင်ရောက်သွားခဲ့သည့်အခါတွင်မူ ရုရှအစိုးရက ရာသီဥတုကြောင့်ဟု ဆင်ခြေပေးခဲ့သည်။

နိုင်ငံတောင်ပိုင်းမှ ယေလာဒါဂျီဒေသအတွင်းသို့ ရုရှ ဂျက်တိုက်လေယာဉ်တစ်စင်း ဝင်ရောက်လာခဲ့သည်ဟု တူရကီက အောက်တိုဘာလ ၅ရက်နေ့က အတည်ပြုပြောကြားခဲ့သည်။   

 ‘လတ်တလောဖြစ်ရပ်က ဒေသတွင်းမှာ ရာသီဥတုဆိုးရွားမှုရဲ့ အကျိုးဆက်ပါ။ တခြားရည်ရွယ်ချက်မရှိပါဘူး’’ဟု ရုရှအစိုးရပြောခွင့်ရပုဂ္ဂိုလ် အစ်ဂေါ ကိုနာရှင်ကော့ဗ်က သတင်းထောက်များကို   ပြောကြားခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required