လျှို့ဝှက်ရိုက်ကူးထားတဲ့ ဗီဒီယို ပေါက်ကြားပြီး သြစတြီးယား အစိုးရအဖွဲ့ ပြိုကွဲကာ ဝန်ကြီးချုပ်ဖြစ်သူ ဖယ်ရှားခံရ

လျှို့ဝှက်ရိုက်ကူးထားတဲ့ ဗီဒီယို ပေါက်ကြားပြီး သြစတြီးယား အစိုးရအဖွဲ့ ပြိုကွဲကာ ဝန်ကြီးချုပ်ဖြစ်သူ ဖယ်ရှားခံရ

ဗီယင်နာ၊ မေ ၂၈ ။          ။ လျှို့ဝှက်ဗီဒီယိုဖိုင်တစ်ခု ပေါက်ကြားပြီးနောက်မှာ သြစတြီးယားလွှတ်တော်က အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူပြီး ဝန်ကြီးချုပ် ဆီဘတ်စတင်းကက်ဇ်ကို အယုံအကြည်မရှိ အဆိုနဲ့ ရာထူးက ဖယ်ရှားလိုက်ပါတယ်။

မေလ ၁၇ ရက်နေ့က ဂျာမနီမီဒီယာတွေကနေ လူသိရှင်ကြား ပေါက်ကြားခဲ့တဲ့ အဲဒီ ဗီဒီယိုကြောင့် လက်ယာစွန်းပါတီ FPO နဲ့ ညွန့်ပေါင်းဖွဲ့ထားတာလည်း ပြိုကွဲခဲ့ပါတယ်။

လွှတ်တော်မှာ ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆိုကို အတိုက်အခံ SPO ပါတီအပြင် ညွန့်ပေါင်း FPO ပါတီကပါ အယုံအကြည် မရှိကြောင်း ထောက်ခံမဲ ပေးခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ သမိုင်းမှာ စစ်ပြီးခေတ်နောက်ပိုင်း ပထမဆုံး ဖြုတ်ချခံရတဲ့ ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားတဲ့ အသက် ၃၄ နှစ်ရှိ ဝန််ကြီးချုပ် ကက်ဇ်ကတော့ နိုင်ငံရေးခြေထိုးသူတွေကို သူ့အနေနဲ့ ရင်ဆိုင် တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ထောက်ခံသူတွေကို ပြောပါတယ်။

အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကို ဖွင့်ချထားတဲ့ အဲဒီ ဗီဒီယိုဖိုင်ဟာ ၂၀၁၇ သြစတြီးယား ရွေးကောက်ပွဲ မတိုင်ခင် သီတင်းပတ် အနည်းငယ်အလိုမှာ စပိန်ပိုင် အီဘီဇာကျွန်းက အပန်းဖြေ ပင်လယ်ကမ်းခြေအိမ်တစ်အိမ်အတွင်း လျှို့ဝှက်ရိုက်ယူခံရတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

အဲဒီ စပိန်ကျွန်းကို နာမည်ယူပြီးပေးထားတဲ့ အီဘီဇာဝင်ပေါက်ဆိုတဲ့ ဒီ ဗီဒီယိုဖိုင်မှာ FPO ပါတီအကြီးအကဲနဲ့ ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ဟိန်းဇ်ခရစ္စတင်းစထရာချီကို FPO လွှတ်တော်ရေးရာအုပ်စုခေါင်းဆောင် ဂျိုဟန်ဂူဒန်နက်စ်နဲ့ နာရီအတန်ကြာ သောက်ရင်းစားရင်း ဆွေးနွေးပြောဆိုနေကြတာကို မြင်တွေ့ကြားသိရတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးနဲ့အတူ အမျိုးသမီးတစ်ဦးပါ ဘေးမှာ ရှိနေပြီး အဲဒီ အမျိုးသမီးဟာ ရုရှားက သြဇာအာဏာကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ တူမဖြစ်နိုင်တယ်လို့ မှတ်ချက်ချထားကြပါတယ်။

ဒုတိယဝန်ကြီးချုပ် စထရာချီဟာ အဲဒီ အမျိုးသမီးကို သြစတြီးယား Kronen Zeitung သတင်းစာရဲ့ အစုရှယ်ယာတွေကို ဝယ်ယူပြီး FPO ပါတီကို ထောက်ခံရေးသား ပုံဖော်ပေးရင် အစိုးရကန်ထရိုက်တွေ ချပေးမယ်လို့ ကမ်းလှမ်းတာကို ကြားရပါတယ်။

သြစတြီးယား သမ္မတ အလက်ဇန္ဒြားဗန်ဒါဘယ်လန်က ဒုတိယဝန်ကြီးချုပ် ဟတ်ဝတ်ဂ်လော်ဂါကို ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းပေး ထားပါတယ်။ အစိုးရသစ်ဖွဲ့စည်းမယ့် အသွင်ကူးပြောင်းရေး ကာလမှာလည်း ဌာနဆိုင်ရာတွေအနေနဲ့ ဖွဲ့စည်းပုံပြဌာန်းချက်တွေကို လိုက်နာနေရမှာ ဖြစ်ကြောင်း  ရုပ်သံမိန့်ခွန်းမှာ သမ္မတ အလက်ဇန္ဒြားက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required