တရုတ်သို့ ဆန်စပါးတင်ပို့မှု ကျဆင်းနေသောကြောင့် ပိုမိုရောင်းချနိုင်ရေး ကြိုးပမ်းနေ

တရုတ်သို့ ဆန်စပါးတင်ပို့မှု ကျဆင်းနေသောကြောင့် ပိုမိုရောင်းချနိုင်ရေး ကြိုးပမ်းနေ
ဓာတ်ပုံ - EPA

ရန်ကုန်၊ မေ ၂၇  ။            ။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏  အဓိကဆန်စပါးဝယ်လက်ဖြစ်သည့် တရုတ်နိုင်ငံဘက်သို့ တင်ပို့မှုမှာ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သောကြောင့် ပိုမိုရောင်းချနိုင်ရေး ကြိုးပမ်းနေသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောဆိုလိုက်သည်။

 “ စျေးနှုန်းကျဆင်းမှုမှာ ကိုယ်တို့ရဲ့ပုံမှန်တင်ပို့မှုလုပ်နေတဲ့ တရုတ်စျေးကွက်ကြီးဟာ ဒီနှစ်မှာ ၈၀ ရာခိုင်နှုန်း လောက် လျော့သွားတယ်။ နယ်စပ်တင်ပို့မှု လျော့သွားတဲ့အပြင် ပင်လယ်ရေကြောင်းတင်ပို့မှုမှာ EU က GSP အခွင့်အရေး(ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေး)နဲ့ ပတ်သက်ပြီး ဆန်လုံးရှည်တွေကို GSP ရုပ်သိမ်းခဲ့ တယ်။ ဒါကြောင့်မို့လို့ ဝယ်လိုအား ကျဆင်းတယ်။ စျေးကွက်တွေ နည်းနည်းလျော့သွားတယ်” ဟု ဦးအောင်သန်းဦးက ပြောသည်။


ထို့ကြောင့် တရုတ်နိုင်ငံသို့ G to G (အစိုးရချင်းချိတ်ဆက်သည့်စနစ်) ဖြင့်ရောင်းချနိုင်ရန်နှင့် လက်ရှိ ဆန်စပါး စျေးကွက် အခြေအနေများကို အသင်းချုပ်မှ တာဝန်ရှိသူများက ရန်ကုန်မြို့ရှိ UMFCCI တွင် မေ ၂၇ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။

“ မနှစ်က ၂၀၁၇- ၁၈ ဘဏ္ဍာနှစ်မှာတရုတ်နယ်စပ်က ဆန်တန်ချိန် ၁.၈ သန်းလောက်ထိတင်ပို့နိုင်ခဲ့တယ်။ ယခုနှစ်လျော့ကျသွားတဲ့ အပေါ်မှာ လက်တွေ့ဖြစ်ပေါ်နေတဲ့ စျေးနူန်းကျဆင်းခြင်းနဲ့ ပတ်သက်ပြီးတော့ စျေးကွက်ပြန်လည်ရရှိဖို့ တရားဝင်တင်ပို့နိုင်မှုအပိုင်းတွေ ဆွေးနွေးတာ ဖြစ်ပါတယ်” ဟု ဦးအောင်သန်းဦးက ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများအရ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၃ ဒဿမ ၆၈ သန်း တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံ တင်ပို့မှုလျော့ကျခြင်းအပြင် အီးယူ၏ မြန်မာနိုင်ငံအပေါ်အခွန်ပြန်ကောက်ရန် ဆုံးဖြတ်မှုများကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂ သန်းကျော်သာ တင်ပို့နိုင်ခဲ့သည်။

တရုတ်ဘက်မှ ဝယ်ယူမှု လျော့ကျခြင်းမှာ ဆန်လုံးရှည်များကို တရုတ်ကုန်သည်များက စက်မှုလုပ်ငန်းသုံး ပါမစ်များဖြင့် ပြန်တင်သွင်းသောကြောင့် တရုတ်အစိုးရမှ မြန်မာဘက်မှ ဆန်တင်ပို့မှုကို တင်းကြပ်လိုက်ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် နိုင်ငံခြားသို့တင်ပို့မည့်ဆန်များစွာ သောင်တင်နေပြီး ဆန်လက်ကျန်ပမာဏမှာ တန်ချိန် ၃ သန်းနှင့် ၃ သန်းခွဲကြားတွင်ရှိကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေး (GSP)ကို ပိတ်သိမ်းရန် စုံစမ်းစစ်ဆေးမည်ဆိုသော ဥရောပသမဂ္ဂ အီးယူမှ ပြီးခဲ့သည့်နှစ်က ကြေညာခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှ စတင်ပြီး မြန်မာနိုင်ငံက တင်ပို့နေသည့် ဆန်လုံးရှည် အမျိုးအစားကို အခွန် ပြန်လည် ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေး (GSP) ဆိုသည်မှာ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်လာရေးအတွက် အီးယူသည် ၂၀၁၃ ၌  မြန်မာပို့ကုန်များကို ကုန်သွယ်ခွန်ကောက်ခံခြင်းကနေ ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါအကြောင်းအရာများကြောင့် လက်ရှိအချိန် နွေစပါးရာသီ၌ တောင်သူအများစုက တရုတ်သို့တင်ပို့သည့် ဆန်လုံးရှည်အမျိုးအစားကို အဓိက စိုက်ပျိုးထားခြင်းကြောင့် တောင်သူများအခက်အခဲ ဖြစ်ပေါ်နေပြီး တာဝန်ရှိသူများအနေဖြင့် တရုတ်အစိုးရနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ရန် ဆန်စပါးကုန်သည်များက လိုလားနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly