တောင်ကိုရီးယားကလပ်နှင့်ကစားမည့်ပွဲတွင် မြန်မာအသင်းများ သတိထားကစားရန်လို ဟု ဦးမျိုးလှိုင်ဝင်းဆို

တောင်ကိုရီးယားကလပ်နှင့်ကစားမည့်ပွဲတွင် မြန်မာအသင်းများ သတိထားကစားရန်လို ဟု ဦးမျိုးလှိုင်ဝင်းဆို
ဓာတ်ပုံ - ထွန်းထွန်းဝင်း

မေလ၂၇ ။         ။ တောင်ကိုရီးယားကလပ် ပိုဟန်စတီလားအသင်းနှင့် မြန်မာ ယူ ၂၂ အသင်း၊ ဧရာဝတီယူနိုက်တက်အသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ရာ မြန်မာအသင်းများအနေဖြင့် ပိုပြီးသတိထားကစားရန် လိုကြောင်း မြန်မာ့လက်ရွေးစင်ကစားမားဟောင်း ဦးမျိုးလှိုင်ဝင်းက ပြောဆိုလိုက်သည်။

မေ ၂၇ ရက်နေ့က ရန်ကုန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် သုံးကြိမ်ချန်ပီယံဆု ရရှိခဲ့ဖူးသည့် တောင်ကိုရီးယားကလပ် ပိုပာန်စတီလား အသင်းနှင့်ပတ်သက်ပြီး ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"သူတို့ပြောတဲ့ပုံစံက ဒီနေ့ဆို ပွဲရှိတယ်။ မနက်ဖြန်ကန်မဲ့ပွဲအတွက် ဒုတိယအသင်းပုံစံမျိုးနဲ့ လာတယ်။ တောင်ကိုရီးယားနိုင်ငံမှာလည်း ပြိုင်ပွဲက ရှိနေတယ်။ အရေးကြီးတဲ့ပွဲရှိတော့ ပိုပြီးတော့တောင် ကြောက်ရသေးတယ်။ ကိုယ့်တွေဆိုရင် ပိုကြောက်ရတယ်။ ပထမဦးစားပေးအသင်းက မဟုတ်ဘဲ ဒုတိယအသင်းက ပိုပြီးတော့ သူတို့ရဲ့အခွင့်အရေးကို ပိုပြပါတယ်။ အဲလို စိတ်ဓာတ်ပိုင်းအရရှိတယ်ဆိုတော့ ပိုပြီးတော့ သတိထားရမှာပါ။ ဘာလို့လဲဆိုရင် အရန်ကစားသမားက ကိုယ်ကစားခွင့်ရတဲ့အချိန်မှ ပိုပြီး ကြိုးစားတာ ပြလေ့ရှိပါတယ်။ သူတို့ကလည်း တကယ်ပရိုကစားသမားအစစ်တွေဆိုတော့ ကိုယ့်အစွမ်းစတွေ ထုတ်ဖော်ပြမှသာ ပထမအသင်းကို ဝင်မှဆိုတော့ မနက်ဖြန်ပွဲကတော့ ပိုပြီးတော့ သတိထားကစားဖို့ လိုလိမ့်မယ် " ဟု ဧရာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဖြစ်သူ ဦးမျိုးလှိုင်ဝင်းက  ပြောသည်။

မေလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သုဝဏ္ဏဘောလုံးကွင်း၌ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်း ဖြစ်သော ဧရာဝတီယူနိုက်တက်အသင်းနှင့် တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

တောင်ကိုရီးယား (K-league) ကလပ် ပိုဟန်စတီလား အသင်းနည်းပြချုပ် ကင်ဂီဒုန် က " မနက်ဖြန် ကျင်းပမဲ့ပွဲပြီးရင် နောက်၂ ရက်နေ့ကြရင် ကျင်းပမဲ့ပွဲ နှစ်ပွဲလုံးက အားကစားသမားတွေနဲ့ ပတ်သက်လို့ သိထားတာ ဘာမှမရှိပါဘူး။ မနက်ဖြန် ယှဉ်ပြိုင်ရမဲ့အသင်းက မြန်မာနိုင်ငံမှ အဆင့် ၆ လောက် ရှိတယ်လို့ သိထားပါတယ်။ ကျွန်တော်တို့အသင်းကလည်း ကိုရီးယားနိုင်ငံမှာ နံပါတ် ၆ လောက်ရှိပါတယ်။ Level တူတာလေးတစ်ခုလောက်ပဲ သိထားပါတယ်။ မနက်ဖြန် စပြီး ကစားမဲ့အချိန်မှသာ တစ်ဖက်အသင်းရဲ့ အားနည်းချက်က ဘာရှိလဲ၊ အားသာချက်က ဘာရှိလဲ။ အဲဒီအပေါ် မူတည်ပြီး ကစားကွက်ပြောင်းပြီးတော့ ဘယ်လို ကစားသင့်တယ်ဆိုတာကို ရေးဆွဲရမှာ ဖြစ်ပါတယ် " ဟု ပြောသည်။

ဧရာဝတီယူနိုက်တက်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းအနေဖြင့် ၁၉၉၄ ခုနှစ် ကစားသမားဘဝ တောင်ကိုရီးယားကလပ် ပိုပာန်စတီလားအသင်းနှင့် ရင်ဆိုင်ခဲ့ဖူးပြီး နှစ်ပေါင်း ၃၀ အကြာတွင် နည်းပြအဖြစ် ပြန်လည်ရင်ဆိုင်သွားမည်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly