လူမျိုးရေးခွဲခြားသော စကားများပြောခဲ့သူကို အရေးယူရန် မြဝတီရုပ်သံလိုင်း အား MNL တိုက်တွန်း

လူမျိုးရေးခွဲခြားသော စကားများပြောခဲ့သူကို အရေးယူရန် မြဝတီရုပ်သံလိုင်း အား MNL တိုက်တွန်း
ဓာတ်ပုံ - Myanmar National League

ရန်ကုန် ၊ မေ ၂၇ ။             ။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဘောလုံးပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေစဉ် လူမျိုးရေး ခွဲခြားသည့် စကားလုံး အချို့အား ပြောဆိုခဲ့ခြင်းကြောင့် ယင်းစကားပြောဆိုသူအား ဖော်ထုတ်အရေးယူပေးရန် မြန်မာနေရှင်လိဂ်မှ MWD ရုပ်မြင်သံကြားလိုင်းအား တိုက်တွန်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကစားခဲ့သည့် ရှမ်းယူနိုက်တက် အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်အား MWD ရုပ်မြင်သံကြားမှ တိုက်ရိုက်တင်ဆက်ရာတွင် လူမျိုးရေးခွဲခြားသည့် စကားလုံး အချို့ကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် နှစ်ဖက်အသင်း တာဝန်ရှိသူများနှင့် MWD တာဝန်ရှိသူများအား မြန်မာနေရှင်နယ်လိဂ်မှ ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် အဆိုပါစကားအားပြောဆိုသူကို ဖော်ထုတ်အရေးယူပေးရန် MWD ရုပ်မြင်သံကြားကို တိုက်တွန်းပြောဆိုခဲ့သည်ဟု မြန်မာ နေရှင်နယ်လိဂ်က မေလ ၂၇ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

“ဘောလုံးလောကအတွင်းမှ မည်သို့သော လူမျိုးရေး/ အသားအရောင် ခွဲခြားမှုကိုမဆို အမြစ်ဖြတ် တိုက်ထုတ်ရမည့် အရာအဖြစ် မြန်မာနေရှင်နယ်လိဂ်မှ ရှုမြင်ပြီး ယင်းဖြစ်ရပ် ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ပါသည်” ဟု MNL က သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

MWD ရုပ်မြင်သံကြားအနေဖြင့်လည်း အဆိုပါစကားကို ပြောဆိုခဲ့သူအား အမြန်ဆုံးအရေးယူ ဆောင်ရွက်ရန် စီစဉ်နေသည် ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ထားသည်ကိုမူ တိကျစွာ ထုတ်ပြန်ထားခြင်းမရှိပေ။

အဆိုပါပွဲစဉ်ကို မြဝတီရုပ်မြင်သံကြားမှ အဓိကရိုက်ကူးထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ယင်းမှတဆင့် My Sports မှ Live Stream ရယူကာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ရိုက်ကူးထုတ်လွှင့်ရေးအဖွဲ့၏ ပေါ့ဆမှုဖြစ်ကြောင်း၊ အရေးယူဆောင်ရွက် ထားပြီးဖြစ်ကြောင်း My Sport ဘက်က ထုတ်ပြန်ထားသည်။

မြဝတီ ရုပ်မြင်သံကြားလိုင်းသည် တပ်မတော်က ပိုင်ဆိုင်သည့် ရုပ်သံလိုင်းတစ်ခုလည်းဖြစ်သည်။

ရခိုင်ယူနိုက်တက်အသင်းဘက်ကမူ ယင်းကဲ့သို့ လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းကို ပြောဆိုခဲ့ခြင်းအပေါ် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုသွားမည်ဟု မေလ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

“ရခိုင်လူမျိုး တစ်ရပ်လုံးကို တစ်နိုင်ငံလုံးသို့ တိုက်ရိုက် LIVE ထုတ်လွှင့်သောပွဲစဉ်တွင် လူမျိုးရေး စော်ကား သည့် စကားလုံးသုံးခဲ့သူကို အရေးယူပေးရန်တောင်းဆိုမှုကို မြန်မာနေရှင်နယ်လိဂ်တာဝန်ရှိသူများသို့ တရားဝင် ကန့်ကွက် ရှုတ်ချကြောင်း ရေးသားတိုင်ကြားသွားမည်" ဟု ရခိုင်ယူနိုက်တက်က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly