ရှာဖွေတွေ့ရှိသော မစိမ့်ထက်၏ ရုပ်အလောင်းကို ပြန်မသယ်ဘဲ ပူတာအိုတွင် မီးသင်္ဂြိုဟ်မည်

ရှာဖွေတွေ့ရှိသော မစိမ့်ထက်၏ ရုပ်အလောင်းကို ပြန်မသယ်ဘဲ ပူတာအိုတွင် မီးသင်္ဂြိုဟ်မည်

ရန်ကုန်၊ မေ ၂၇ ။          ။ တစ်လကျော်ကြာ ပျောက်ဆုံးပြီးနောက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော မစိမ့်ထက်၏ ရုပ်အလောင်းကို ပူတာအို တွင် မီးသင်္ဂြိုဟ်သွားမည်ဟု ကွယ်လွန်သူ၏ဖခင်ဖြစ်သူ ဦးမောင်မောင်လေးက မဇ္ဈိမသို့ ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်က ဖန်ဂရန်ရာဇီရေခဲတောင်ကို တက်ရောက်ရင်း ခြေချော်ပြုတ်ကျခဲ့ပြီး ပျောက်ဆုံးနေခဲ့ ခြင်း ဖြစ်ကာ မေ ၂၅ ရက်နေ့က ရေခဲလွတ်ရာနေရာတစ်နေရာတွင် ရုပ်အလောင်းကို ကူညီရှာဖွေရေးအဖွဲ့မှ တွေ့ခဲ့ခြင်း ဖြစ်သည်။

“ နည်းနည်းလည်း ကြာလည်းကြာပြီလေ ခန္ဓာကိုယ်က ဆိုတော့ ။ အဲဒီမှာပဲ သင်္ဂြိုဟ်ဖို့ စိတ်ကူးထားတာပေါ့ဗျာ” ဟု မစိမ့်ထက်၏ဖခင် ဦးမောင်မောင်လေးက ပြောသည်။

လက်ရှိတွင် ကူညီရှာဖွေရေးအဖွဲ့မှ သယ်ဆောင်လာဆဲဖြစ်ပြီး မိသားစုဝင်များကာ ပူတာအိုမြို့တွင် စောင့်ဆိုင်း နေကြခြင်း ဖြစ်ကာ ရောက်ရှိလာပါက  ပူတာအိုရင်ခွဲရုံသို့ အရင်ပို့ဆောင်စစ်ဆေးပြီးမှ သင်္ဂြိုဟ်မည်ဖြစ်သည်။

စတင်ပျောက်ဆုံးချိန်မှစ၍ ပြန်လည်ရှာဖွေတွေ့ရှိချိန်အထိ တစ်လကျော် ၊ နှစ်လနီးပါး ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦး ခေါင်းဆောင်သည့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဒုတိယအကြိမ် ရှာဖွေစဉ် ယင်းသို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အထမ်းသမား ၃ ယောက်နှင့်အဖွဲ့ဝင် ၅ ယောက်ပါဝင်သည့် အဆိုပါရှာဖွေရေးအဖွဲ့ကို သေဆုံးသူ၏ မိသားစု ဝင်များက ကတိအတိုင်း ငွေကျပ်သိန်း ၅၀ ကို ချီးမြင့်သွားမည်ဟုလည်း ဦးမောင်မောင်လေးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့က အဖွဲ့ဝင် ၂၀ ပါ The Summiter တောင်တက်အဖွဲ့သည် ဖန်ဂရန်ရာဇီ ရေခဲတောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ရောက်ခဲ့ပြီး တောင်ပေါ်မှ ပြန်အဆင်းတွင် မစိမ့်ထက်ဆိုသူ အမျိုးသမီးက ခြေချော်ကာ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်အပေါ် တောင်ပေါ်သို့ စတင်တက်ကတည်းက သက်ဆိုင်ရာကို အကြောင်းမကြားခဲ့ခြင်း၊ လုံခြုံရေးကြိုးများကို ချိတ်ဆက်အသုံးမပြုခဲ့ခြင်းများအပြင် အခြားပေါ့ဆမှုများ ပါဝင်သည်ဟု လူအများအပြားက ဝေဖန်ခဲ့ကြသည်။

ဧပြီလ ၂၆ ရက်နေ့က စတင်သော ခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်၏ ပထမအကြိမ် ရှာဖွေရေး လုပ်ဆောင်ခဲ့ စဉ်က မေ ၄ ရက်နေ့တွင် ပျောက်ဆုံးနေသူ မစိမ့်ထက်၏ ဂျာကင်နှင့် မျက်မှန်ကို ရှာဖွေတွေ့ရှိခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly