မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့

မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းပဲဖြစ်ဖြစ် အဆီပိုတွေရှိနေရင် ကြည့်မကောင်းပါဘူးနော်။ ဒီလိုပါပဲ မျက်နှာမှာ အဆီပိုတွေရှိနေရင်လည်းကြည့်ရဆိုးပါတယ်နော်။ ဒီအဆီပိုတွေက ကိုယ်နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေနဲ့ လုပ်ဆောင်နေကျ အလေ့အထတွေကြောင့်ဖြစ်လာရတာပါ။ ဒီတောာ့ မျက်နှာမှာ အဆီမတက်ချင်ဘူးဆိုရင် အခုပြောပြတဲ့ နည်းလမး်လေးတွေအတိုင်းလုပ်ဆောင်ကြည့်ဖို့ပြောပါရစေ။
မျက်နှာအဆီပိုတွေမရှိစေဖို့ လိုက်နာသင့်သည့်အချက်အချို့

မျက်နှာလေ့ကျင့်ခန်းလုပ်ပါ

မျက်နှာလေ့ကျင့်ခန်းလုပ်တာက အဆီပိုတွေဖယ်ရှားပေးပြီး မျက်နှာအသားအရေကို တင်းရင်းလှပစေပါတယ်။ မျက်နှာကို သွယ်လျလှပစေပြီး အရေးအကြောင်းကင်းစေဖို့လည်း အထောက်အပ့ံပေးမှာ အသေအချာပါ။ နေ့စဉ်မျက်နှာကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးပါ။

ကိုယ်အလေးချိန်ထိန်းပါ

မျက်နှာမှာ အဆီတက်လာတာက အရမ်းဝနေပြီဆိုတဲ့ ပြယုဂ်တစ်ခုပါ။ ဒါကြောင့် နေ့စဉ်ပုံမှန်ခန္ဓာကိုယ်ကျစ်လျစ်စေမယ့် လေ့ကျင့်ခန်းလုပ်ပြီး မျက်နှာပေါ်မှာ အဆီပိုတွေမရှိအောင်လုပ်ဆောင်ပေးပါ။ တစ်ပတ်တာမှာ မိနစ် ၁၅၀ ကနေ မိနစ် ၃၀၀ လောက်အထိလေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါမယ်။ အပြေးလေ့ကျင့်တာ၊ လမ်းလျှောက်တာနဲ့ ရေကူးတာလိုမျိုး လေ့ကျင့်ခန်းတွေလုပ်ပေးလို့ရပါတယ်။
ရေများများသောက်ပါ
ရေသောက်တာက ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ မျက်နှာအဆီတွေဖယ်ရှားဖို့အတွက်လည်း အထောက်အပံ့့ဖြစ်စေတဲ့နည်းလမ်းကောင်းတစ်ခုပေါ့။ ရေသောက်တာက အစားတွေအများကြီးမစားမိအောင်ကာကွယ်ပေးပြီး အဆီပိုတွေဖြစ်မလာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းကောင်းလည်ပတ်စေပြီး အဆီပိုတွေကို လောင်ကျွမ်းစေဖို့ အားပေးပါတယ်။
အရက်လျှော့သောက်ပါ
အရက်သောက်သုံးမှုက မျက်နှာအဆီတွေကိုစုစေပြီး မျက်နှာအမ်းတာကိုဖြစ်စေနိုင်ပါတယ်။ အရက်သောက်သုံးမှုက ကိုယ်အလေးချိန်တက်လာစေဖို့လည်း အထောက်အပံ့ပေးနေပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ တစ်နေ့ကို အရက်အလွန်ဆုံး ၂ ခွက်လောက်ပဲသောက်သင့်ပါတယ်။ အမျိုးသမီးတွေကတော့ တစ်ခွက်လောက်ပဲသောက်သင့်ပါတယ်။ တတ်နိုင်ရင်တော့ အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကိုရှောင်ဖို့ပြောပါရစေ။ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက မျက်နှာမှာရော ခန္ဓာကိုယ်မှာပါ အဆီတွေစုစေဖို့ အားပေးနေလို့ပါ။
ကာဗိုဟိုက်ဒရိတ်လျှော့ပါ

ကွတ်ကီးတွေ၊ ခရက်ကာ နဲ့ အခြားသောကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အစားအစာတွေက ကိုယ်အလေးချိန်တက်စေနိုင်သလို အဆီတွေကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာ နဲ့ ခန္ဓာကိုယ်မှာ အဆီမစုစေချင်ရင် ကာဗိုဟိုက်ဒရိတ်အများကြီးမစားမိဖို့ သတိပြုပါ။ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို အဓိကထားစားသုံးပေးပါ။

အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးဝတာက ကိုယ်အလေးချိန်ကျစေဖို့ တော်တေ်ာလေးအထောက်အကုူပြုနိုင်တဲ့နည်းလမ်းကောင်းတစ်ရပ်ပါ။ ဒါကြောင့် ညစဉ် ၇ နာရီ ကနေ ၈နာရီအတွင်း အိပ်စက်ချိန်ရှိစေဖို့ ဂရုစိုက်ပါ။ အိပ်ရေးပျက်တာများလေလေ ကော်တီစောဟော်မုန်းပမာဏတိုးလာပြီး ဝိတ်တက်စေနိုင်ပါတယ်။ အဆီပိုတွေလည်းဖြစ်ပေါ်စေနိုင်ပါသေးတယ်နော်။
ဆားလျှော့စားပါ
ဆားစားသုံးမှုပမာဏကလည်း မျက်နှာ အဆီဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေပါတယ်။ ဆားစားသုံးမှုများလေလေ မျက်နှာပေါ်မှာအရည်စုပုံမှုဖြစ်ပြီး မျက်နှာရောင်ရမ်းနိုင်သလို ဝိတ်တက်ဖို့အားပေးနေပါတယ်။ ဒါကြောင့် မျက်နှာလေးသွယ်လျလှပချင်တယ်ဆိုရင် ဆားကို လျှော့စားပါ။
အိပ်ရာဝင်ခါနီး အစားမစားပါနဲ့
အိပ်ရာဝင်ခါနီးမှာ အစားတွေအများကြီးစားတာမျိုး မလုပ်ပါနဲ့။ ဒါကမျက်နှာမှာအဆီကပ်စေနိုင်သလို ဝိတ်တက်စေဖို့အားပေးရာရောက်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် ၃ နာရီ ၄ နာရီအလိုလောက်ကစလို့ ဘာမှမစားပါနဲ့။
အဆီကင်းပြီး သွယ်လျလှပတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်ဖို့ ဒီအချက်လေးတွေကို အတူတူလုပ်ကြည့်ရအောင်နော်…….

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required