နယူးကာဆယ်လ်ကို အာရပ်ဘီလျံနာ ရှိတ်ခါလက်ထံ ပေါင်သန်း (၃၅၀)ဖြင့် ရောင်းချဖို့ မိုက်ခ်အက်ရှ်လေ သဘောတူ

နယူးကာဆယ်လ်ကို အာရပ်ဘီလျံနာ ရှိတ်ခါလက်ထံ ပေါင်သန်း (၃၅၀)ဖြင့် ရောင်းချဖို့ မိုက်ခ်အက်ရှ်လေ သဘောတူ
Photo: EPA

နယူးကာဆယ်လ်အသင်းကို မန်ချက်စတာစီးတီးရဲ့ အာရပ်ပိုင်ရှင် ရှိတ်မန်ဆော်ရဲ့ ညီဝမ်းကွဲဖြစ်သူထံ ပေါင်သန်း (၃၅၀)ဖြင့် ရောင်းချဖို့ မိုက်ခ်အက်ရှ်လေက သဘောတူထားတယ်လို့ သိရပါတယ်။

အက်ရှ်လေနဲ့ ဒူဘိုင်းအခြေစိုက် ဘီလျံနာသူဋ္ဌေး ရှိတ်ခါလက်တို့အကြား အရောင်းအဝယ် စာချုပ်ချုပ်ခဲ့ပြီး ပရီးမီးယားလိဂ်သို့ တင်သွင်းခဲ့တယ်လို့ SunSport က ဖော်ပြထားပါတယ်။

ရှိတ်ခါလက်ဟာ ပင်လယ်ကွေ့ဒေသရဲ့ အအောင်မြင်ဆုံး စီးပွားရေးလုပ်ငန်းရှင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး အဘူဒါဘီတော်ဝင် မိသားစုရဲ့ စီနီယာအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ်က ဘောလုံးသမိုင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံးကမ်းလှမ်းမှုအဖြစ် ပေါင် (၂)ဘီလီယံနဲ့ လီဗာပူးလ်အသင်းကို ဝယ်ယူဖို့အတွက် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ယခင်က နယူးကာဆယ်လ်ကို ဗြိတိန်အမျိုးသမီးလုပ်ငန်းရှင် အာမန်ဒါနဲ့ မန်ယူ၊ ချယ်လ်ဆီးအသင်းတို့ထံမှာ အမှုဆောင်အရာရှိချုပ်ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗြိတိန်စီးပွားရေးသမား ပီတာကင်ယွန်တို့လို လုပ်ငန်းရှင်းများက ဝယ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဖြစ်မြောက်မလာခဲ့ပါဘူး။

ဒါပေမယ့် အက်ရှ်လေဟာ နယူးကာဆယ်လ်ကို (၁၂)နှစ်ကြာ ထိန်းကျောင်းလာမှုကို ယခုအခါ အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်ချက်လိုက်ပြီဖြစ်ပါတယ်။

ရှိတ်ရဲ့ ပထမဆုံးလုပ်ရမယ့် အလုပ်ထဲက တစ်ခုက နည်းပြ ဘင်နီတက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ဖြစ်ပါလိမ့်မယ်။

နယူးကာဆယ်လ်နည်းပြ ဘင်နီတက်ဇ်ဟာ အသင်းလက်လွှဲရောင်းချရေးကိစ္စနဲ့ပတ်သက်တဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို သူ့အနေနဲ့ အမြန်ဆုံးကြားသိခွင့်ရလိုနေတယ်လို့ ပြောကြားထားဖူးပါတယ်။ အသင်းပိုင်ရှင် ဘယ်သူဘယ်ဝါဆိုတာကို တိကျသေချာစွာ သိရှိခွင့်ရမှာသာ ကစားသမားအင်အားဖြည့်ဖို့ ငွေတောင်းဆိုရတာဟာ လွယ်ကူနိုင်လိမ့်မယ်လို့ သူက ဆိုပါတယ်။

အက်ရှ်လေဟာ ၂၀၀၇ ခုနှစ်က နယူးကာဆယ်လ်အသင်းကို ပေါင် (၁၃၄)သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ်က အသင်းကို ရောင်းချဖို့ ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ပါတယ်။

မန်စီးတီးကို ရှိတ်မန်ဆော် မဝယ်ယူခင် ၂၀၀၈ ခုနှစ်က အက်ရှ်လေဟာ ရှိတ်မန်ဆော်နဲ့ တွေ့ဆုံဖို့ ငြင်းဆန်ခဲ့တဲ့နောက် အာရပ်စော်ဘွားထံ ရောင်းချနိုင်မယ့် အခွင့်အရေး လွဲချော်ခဲ့ပါတယ်။

ဒါပေမယ့် ယခုအခါမှာ ရှိတ်မန်ဆော်ရဲ့ ညီဝမ်းကွဲထံ ရောင်းချရပြီဖြစ်ပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly