အပူဒဏ်ကြောင့် ရွှေစက်တော်ဘေးမဲ့တောတွင် ရှားပါးမြန်မာ့ကြယ်လိပ် ၆၂ ကောင် သေဆုံး

အပူဒဏ်ကြောင့် ရွှေစက်တော်ဘေးမဲ့တောတွင် ရှားပါးမြန်မာ့ကြယ်လိပ် ၆၂ ကောင် သေဆုံး

မကွေး၊ မေ ၂၆ ။          ။ မကွေးတိုင်းဒေသကြီးတွင် အပူချိန်လွန်ကဲပြီး ရေဓာတ်ခမ်းခြောက်မှုကြောင့် မင်းဘူး/စကုမြို့နယ် ရွှေစက်တော် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောတွင် ရှားပါးမြန်မာ့ကြယ်လိပ် ၆၂ ကောင် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ ရွှေစက်တော်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော ကြယ်လိပ်မွေးမြူရေးစခန်းမှာ မွေးမြူထားတဲ့ အရွယ်ရောက် ကြယ်လိပ်တွေကို အစာရှာစားတတ်အောင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဘေးမဲ့တောထဲ လွှတ်ပေးခဲ့ပါတယ်၊ မတ်လနဲ့ ဧပြီလ မိုးဦးကျအကိုက် လွှတ်ပေးတယ်။ မိုးက မရွာဘဲ ရာသီဥတု ပူပြင်းပြီး ရေဓာတ်ခမ်းခြောက်တော့ အစာကို ပေါပေါသီသီ မရှာစားတတ်တော့ အသေအပျောက်များသွားတယ်” ဟု ရွှေစက်တော် တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းလွင်က ပြောသည်။

ရွှေစက်တော်ဘေးမဲ့တောထဲသို့ မွေးမြူထားသည့် ရှားပါးမျိုးရင်းဝင်ဖြစ်သည့် မြန်မာ့ကြယ်လိပ်များကို နှစ်စဉ် လွှတ်ပေးနေခြင်းဖြစ်ပြီး ယခု တတိယအကြိမ်မြောက် လွှတ်ပေးသည့် ကြယ်လိပ်အကောင်ရေ ၆၅၀ အနက် ၆၂ ကောင်သည် မေ ၁၀ ရက်နေ့မှစတင်ကာ သေဆုံးမှုဖြစ်ပွားခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။


သေဆုံးသည့် ကြယ်လိပ်များမှာ သက်တမ်း ၃ နှစ်၊ ၄ နှစ်၊ ၅ နှစ်ဝန်းကျင်အရွယ် ကြယ်လိပ်များ ဖြစ်ပြီး ယခင်နှစ်များက သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရွှေစက်တော်ဘေးမဲ့တောအတွင်း ကြယ်လိပ်အကောင်ရေ ၁၇၀၀ ကျော်ကို လွှတ်ပေးထားပြီး ယခုနှစ် လွှတ်ထားသည့် ကြယ်လိပ်များကို ထပ်မံသေဆုံးမှု မဖြစ်ပေါ်စေရန်၊ ရေဓာတ်ခမ်းခြောက်မှုမဖြစ်စေရန် အတွက် ဆေးကုသမှု ပြုလုပ်နေပြီး ကြယ်လိပ်များအတွက် ဖရဲသီး၊ ကန်စွန်းရွက်နှင့် ရေကို ဂရုစိုက်ကျွေးမွေးနေကြောင်း ဦးသိန်းလွင်က ပြောသည်။

မြန်မာ့ကြယ်လိပ်များ၏ မူရင်းဒေသဖြစ်သော ရွှေစက်တော်တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောရှိ ကြယ်လိပ် မွေးမြူရေးစခန်းတွင် မေ ၂၀ ရက်နေ့က ကြယ်လိပ် ၆၃ ကောင် ပေါက်ဖွားခဲ့ကြောင်း၊ မြန်မာ့ကြယ်လိပ်များကို ရွှေစက်တော်ဘေးမဲ့တော၊ လောကနန္ဒာဥယျာဉ်နှင့် မင်းစုံတောင်ဘေးမဲ့တောများတွင် ထိန်းသိမ်းမွေးမြူထားသည်။

ရွှေစက်တော တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မင်းဘူးခရိုင် မင်းဘူး၊ပွင့်ဖြူ ၊ ငဖဲနှင့် စေတုတ္တရာမြို့နယ် အတွင်း တည်ရှိပြီး လက်ရှိ (၁၁၄၆၇၈.၇၁ )ဧက အကျယ်ဝန်းရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် အပူချိန်မြင့်မားနေပြီး မိုးရွာစေရန် တိုင်းအစိုးရမှ မိုးကောင်းဘုရားပင့်ဆောင်ခြင်း၊ ဒေသခံများက လွန်ဆွဲခြင်း ပြုလုပ်ခဲ့ကြသော်လည်း လက်ရှိအချိန်ထိ မိုးရွာသွန်းမှု လုံးဝ မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly