မကွေးဝန်ကြီးချုပ်နှင့် ဝန်ကြီး ၃ ဦးကို အဂတိသို့ တိုင်ကြားခြင်းမဟုတ်ဘဲ လွှတ်တော်ဥက္ကဋ္ဌကို တင်ပြခြင်းသာ ဖြစ်

မကွေးဝန်ကြီးချုပ်နှင့် ဝန်ကြီး ၃ ဦးကို အဂတိသို့ တိုင်ကြားခြင်းမဟုတ်ဘဲ လွှတ်တော်ဥက္ကဋ္ဌကို တင်ပြခြင်းသာ ဖြစ်

မကွေး၊ မေ ၂၆ ။           ။ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီး ၃ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း မဟုတ်ဘဲ အထောက်အထား စာ ၅ စောင်နှင့်အတူ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ခြင်းသာ ဖြစ်သည်ဟု မကွေးတိုင်း မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ပြောသည်။

“ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဆီကို နိုင်ငံရေးရာထူး လက်ရှိဖြစ်သူရဲ့ ရာထူးအလွဲသုံးစားပြုမှုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၃၊ ပုဒ်မ ခွဲ (ခ)အရ အထောက်အထားစာရွက် စာ ၅ စောင်နဲ့ အတူ ကျွန်တော်ပို့လိုက်ပါတယ်” ဟု  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက မေ ၂၅ ရက် ညပိုင်းက ပြောသည်။

ပြီးခဲ့သည့် မေ ၉ ရက်နေ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပ ဉ္စမနေ့တွင် တင်ပြခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကုမြို့နယ်)အတွင်း ၂၀၁၈ ခုနှစ် ကျင်းပခဲ့သည့်မန်းရွှေစက်တော် ဘုရားပွဲတော်တွင် တင်ဒါနှင့်တည်းခိုဆောင်လုပ်ငန်းလုပ်ကိုင်သည့် ပုဂ္ဂလိကလုပ်ငန်းတစ်ခုဖြစ်သော နမ္မဒါ(၁)တည်းခိုဆောင်မှာလုပ်ငန်းရှင်က တစ်ရက်လျှင် ကျပ်တစ်သိန်းနှုန်း သတ်မှတ်ထားသည့် အဖိုးအခကို ကျသင့်ငွေ မရှင်းခဲ့မှုဖြစ်ပြီး နိုင်ငံရေးရာထူးလက်ရှိဖြစ်သူများက လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှုများကို ပြုလုပ်ခဲ့သည်ဟု အဆိုပါအမျိုးသားလွှတ်တော်ကိုယ်စားလှယ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ဖြစ်ပွားတဲ့ ဖြစ်စဉ်မှာ မကွေးတိုင်းဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၃ ဦး အဂတိလိုက်စားတယ်ဆိုတာကို ကော်မရှင်ကို တိုက်ရိုက်တိုင်ကြားတာမျိုး မရှိခဲ့ပါဘူး။ ဥပဒေအရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က နိုင်ငံရေးရာထူးရှိသူ ကို ကိုယ့်ရဲ့သက်ဆိုင်တဲ့ လွှတ်တော်ဥက္ကဋ္ဌဆီကို ၊ တင်ပြခွင့်ရှိတယ်ဆိုတဲ့ ပြဌာန်းချက်အရ ကိုယ့်ရဲ့ လွှတ်တော်ဥက္ကဋ္ဌဆီကို စောစောက အထောက်အထားစာ ၅ စောင်နဲ့အတူ တင်ပြခြင်းကိစ္စကိုပဲ ဆောင်ရွက်ခဲ့ပါတယ်” ဟု ဦးတင်အောင်ထွန်းက ဆိုသည်။

ယင်းကိစ္စရပ်များတွင် ရာထူးလက်ရှိများဖြစ်ကြသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့က မန်းရွှေစက်တော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ၊ဂေါပကအဖွဲ့ဝင်တို့မှတစ်ဆင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍့ အဂတိလိုက်စားမှုကို ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု တင်ပြချက်တွင် ထည့်သွင်းဖော်ပြထား ဟုလည်း လွှတ်တော်ဥက္ကဋ္ဌသို့ တင်ပြချက်တွင် ပါရှိသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍အဂတိလိုက်စားမှုကို တင်ပြထားခဲ့ခြင်းသာဖြစ်ပြီး အဂတိကော်မရှင်သို့ တိုင်ကြားထားခြင်း မရှိကြောင်း ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိတွင် မကွေးတိုင်းအစိုးရအား မဇ္ဈိမသတင်းထောက်မှ ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly