ဧဝရက်တောင်ပေါ်မှာ ၂ လ အတွင်း တောင်တက်သမား ၁၀ ဦးအထိ သေဆုံး

ဧဝရက်တောင်ပေါ်မှာ ၂ လ အတွင်း တောင်တက်သမား ၁၀ ဦးအထိ သေဆုံး

မေ ၂၆ ။          ။ ဧဝရက်တောင်ပေါ်မှာ ယခုရက်ပိုင်းအတွင်း နောက်ထပ် တောင်တက်သမား သုံးဦး ထပ်မံ သေဆုံးသွားကြောင်း တောင်တက်ခရီး စီစဉ်သူတွေနဲ့ တာဝန်ရှိသူတွေက မေ ၂၄ ရက်မှာ ပြောပါတယ်။

ယင်းအတွက်ကြောင့် ယခု တောင်တက်ရာသီဖြစ်တဲ့ ဧပြီနဲ့ မေ နှစ်လအတွင်း ခုလို ဧဝရက်တောင်တက်ရင်း လူသေဆုံးမှုဖြစ်စဉ်အရေအတွက်ဟာ ဆယ်ခုအထိ ရှိသွာပြီဖြစ်ကြောင်း သိရပါတယ်။

ယခုကာလမှာတော့ ဧဝရက်တောင်ထိပ်အနီးမှာ တောင်တက်သမားတွေနဲ့ အပြည့်အသိပ်ဖြစ်နေကာ တောင်တက်လမ်းတစ်လျှောက်မှာ တန်းစီစောင့်ဆိုင်းရတဲ့ အထိ များပြားနေတယ်လို့ သိရပြီး အဆင်းအတက် ပိတ်ဆို့မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ မနေ့က အိန္ဒိယ တောင်တက်သမား နှစ်ယောက် သေသွားပါတယ်” လို့ နီပေါ ခရီးသွားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သည့် မီရာ အချာရာက ပြောပါတယ်။ အလားတူ နောက်ထပ်တစ်ဦး ထပ်မံသေဆုံးသွားကြောင်း ခရီးစဉ် စီစဉ်သူတွေကလည်း ပြောပါတယ်။

“ အိန္ဒိယ နိုင်ငံသား အသက် ၂၇ နှစ်အရွယ် တောင်တက်သမား တစ်ဦး ထပ်မံသေဆုံးသွားပါတယ်၊ သူက ၁၂ နာရီကျော်ကြာလောက် လူတွေ တန်းစီ ပိတ်ဆို့နေတဲ့အကြားမှာ ညပ်နေခဲ့တာပါ၊ အဲဒီနောက် သူ မောဟိုက်လာတော့ သူ့လမ်းပြဖြစ်သူက အောက်က ကမ့်စခန်း အမှတ် ၄ ကို ခေါ်လာခဲ့ပေမယ့် အဲဲဒီမှာပဲ အသက်ထွက်သွားတာပါ” လို့ တောင်တက်ခရီး စီစဉ်သူတစ်ဦးဖြစ်တဲ့ ကီရှက်ဗ် ပေါ်ဒယ်က ပြောပါတယ်။

အလားတူ တောင်ရဲ့ တိဘက် ဘက်ခြမ်းမှာလည်း သြစတြေးလျ တောင်တက်သမားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

၁၉၅၃ ခုနှစ်က အက်ဒ်မွန် ဟီလာရီနဲ့ တန်ဇင်း နော်ဂေး တို့ နှစ်ဦး ဧဝရက်တောင်ထိပ်ပေါ် ပထမဆုံံး တက်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်း နီပေါမှာတော့ တောင်တက်ခြင်းဟာ အကျိုးအမြတ် ရှာနိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly