ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၄၀,၀၀၀ အထိ တိုးမြှင့်ထားသော မိုဘိုင်းဂိမ်းပြိုင်ပွဲ ကျင်းပ

ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၄၀,၀၀၀ အထိ တိုးမြှင့်ထားသော မိုဘိုင်းဂိမ်းပြိုင်ပွဲ ကျင်းပ
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မေလ ၂၆ ။                 ။ ဆုကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ ၄၀,၀၀၀ အထိ တိုးမြှင့်ထားသည့် Mobile Legends: Bang Bang Professional League Myanmar Season 2 Grand Final”ကို မေလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ မြန်မာပလာဇာတွင် ကျင်းပပြုလုပ်လျှက်ရှိသည်။

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတွင် ဆုကြေးငွေအများဆုံး မိုဘိုင်းဂိမ်းပြိုင်ပွဲလည်း ဖြစ်ပြီး Regular Season ကို ကျော်ဖြတ်ကာ Playoffs အဆင့်ကို တက်ရောက်လာသည့် အသင်း ၆ သင်း ယနေ့ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

" ပထမဆုံးနှစ်မှာက ဒေါ်လာ သုံးသောင်း၊ ဒုတိယအခု Season 2 ရောက်ပြီးပေါ့နော်။ ဒေါ်လာ လေးသောင်း၊ Season 3 ကျရင်တော့ ဒေါ်လာ ငါးသောင်းအထိဖြစ်နိုင်ပါတယ်ဗျ။ လာမယ့် Season 3 အတွက် ဆုကြေးက အတိအကျ မသိရသေးဘူးပေါ့။ ဒီအပိုင်းကို ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲလုပ်ပေးသွားမှာပါ။ အခုလက်ရှိ ဆုရွေးချယ်ပုံကတော့ အခုဆုကြေးအဖြစ် ဒေါ်လာလေးသောင်းဆိုတာက စုစုပေါင်း ဆုကြေးပေါ့။ ဒီအထဲ ဆုကြေးအသီးသီးခွဲပေးထားတယ်။ အခု ဖိုင်နယ်ဆုကြေးငွေကတော့ နှစ်သောင်းတစ်ထောင်ပါ"ဟု HOG Esports စင်တာ မှ ပွဲစီစဉ်သူ ကိုဇော်စည်သူ( Event Director) က ပြောသည်။

လက်ရှိ Myanmar Season 2 Grand Final တွင် ယှဉ်ပြိုင်နေသည့် အဖွွဲ့ ၆ ဖွဲ့တွင် ယခင်နှစ်က ချန်ပီယံ ဖြစ်ခဲ့သည့် BURMESE GHOULS အဖွဲ့လည်း ပါဝင်ယှဉ်ပြိုင်နေသည်။

အဆိုပါ မိုဘိုင်းဂိမ်းပြိုင်ပွဲကြီးကို Mobile Legends ဂိမ်းထုတ်လုပ်သော ကုမ္ပဏီ “Moonton” နှင့် HOG Esports ၊ မလေးရှားနိုင်ငံမှ Esports ရုပ်သံလိုင်း “Egg Network” တို့ ပူးပေါင်းပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲဆုရသူ အဖွဲ့နှင့်ပတ်သက်ပြီး ထပ်မံသိရှိရသည်များကို မဇ္ဈိမမှ ထပ်မံဖော်ပြသွားမည် ဖြစ်ပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly