နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ချက်သမ္မတနိုင်ငံသို့ ၄ ရက်ကြာ သွားရောက်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ချက်သမ္မတနိုင်ငံသို့ ၄ ရက်ကြာ သွားရောက်မည်
ဓာတ်ပုံ- Myanmar State Counsellor Office

မေ ၂၆ ။        ။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် ဆက်နွှယ်မှု ရှိခဲ့သော ချက်သမ္မတနိုင်ငံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လအစောပိုင်းတွင် ၄ ရက်ကြာ အလည်အပတ်ခရီး သွားရောက်ရန် ရှိနေကြောင်း ချက်ရေဒီယိုသတင်းတစ်ရပ်မှာ ဖော်ပြထားသည်။

အဆိုပါ ခရီးစဉ်အတွင်း ချက်ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော်အမတ်များနှင့်တွေ့ဆုံပြီး ချက်သမ္မတ မိုင်လို့စ်ဇဲမန်နှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သူတစ်ဦး ဖြစ်ပြီး ချက်ကိုစလို ဗက်ကီးယား လူ့အခွင့်အရေးအတွက် ဦးဆောင်ခဲ့သည့် ချက်သမ္မတဟောင်း ဗားစလဗ် ဟာဗယ်လ်(Václav Havel) က ၁၉၉၁ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့သူ တစ်ဦး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျစဉ် နာမည်ကျော် A Rose for Unfree ပေးစာပေးပို့ခဲ့သူလည်း ဖြစ်သည်။

ချက်သမ္မတနိုင်ငံ သမ္မတဟောင်း မစ္စတာ ဗားစလဗ် ဟာဗယ်လ်သည် ပြဇာတ်ရေးဆရာ၊ စာစီစာကုံးရေးဆရာ၊ အတွေးအခေါ်ပညာရှင်၊ လူ့အခွင့်အရေးကာကွယ်သူ၊ ပဋိညာဉ် ၇၇ ၏ ပြောရေးဆိုခွင့်ရှိ သူ၊ နိုင်ငံရေးအကျဉ်း သားဟောင်း၊နိုင်ငံရေးအပြောင်းအလဲများ၏ ခေါင်းဆောင် ပုဂ္ဂိုလ်၊ ချက်ကိုစလိုဗားကီးယားနိုင်ငံနှင့် ချက်သမ္မတနိုင်ငံ၏ သမ္မတ၊ ကမ္ဘာ့နိုင် ငံရေးခေါင်းဆောင်၊ တက်ကြွစွာပါဝင် ဆောင်ရွက်သော နိုင်ငံသားအဖြစ် ထင်ရှားသူတစ်ဦး ဖြစ်သည်။

ချက်နိုင်ငံ၏ မြို့တော် ပရက်ဂ်ကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ခုနှစ်က ဖိုရမ်၂၀၀၀ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိခဲ့သေးသည်။

လက်ရှိအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်ပြည်နယ်အတွင်းက ပြဿနာတွေနှင့်နိုင်ငံတကာမှ  စွပ်စွဲပြောဆိုပြစ်တင်မှုများ ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly