AA နှင့်ဆက်နွယ် ဖမ်းဆီးခံရသူ ၃ ဦး ကျောက်တော်တွင် ရုံးထုတ်စစ်ဆေး

AA နှင့်ဆက်နွယ် ဖမ်းဆီးခံရသူ ၃ ဦး ကျောက်တော်တွင် ရုံးထုတ်စစ်ဆေး

စစ်တွေ၊ အောက်တိုဘာ ၇ ။          ။ ပြီးခဲ့သည့်လက ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်ဖမ်းဆီးခံရသည့် ပလက်ဝမြို့နယ်က ၃ ဦးကို ကျောက်တော်တရားရုံးတွင် ယနေ့ အောက်တိုဘာ ၇ရက်တွင် ရုံးထုတ်ကြောင်း သိရသည်။

အမှုလိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေ ဦးထွန်းလှက "ဟုတ်ကဲ့ပါ။ ဒီနေ့ ၃ ယောက် ရုံးထုတ်ပါတယ်။ မောင်ရွှေသိန်းပါ သုံးယောက်ဖြစ်ပါတယ်။ အခုတော့ စစ်ဆေးပြီးပါပြီ။ အခုတော့ ဘာမှ ထူးထူးခြားခြား မတွေ့ရသေးပါဘူး။ မနက်ဖြန်လည်း ၂ ယောက် ရုံးထုတ်မှာ ဖြစ်ပါတယ်။ " ဟု ပြောသည်။

ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်ဖမ်းဆီးခံရသူ လက်ရှိတွင် ၁၈ ဦးရှိပြီး အောက်တိုဘာလ ၆ရက် ကလည်း ၈ ဦးကို ရုံးထုတ်လာသော်လည်း ဥပဒေအရာရှိက ခွင့်ယူထားသောကြောင့် စစ်ဆေးမှု မလုပ်လိုက်ရကြောင်း ဦးထွန်းလှက ဆိုသည်။

ယင်းဖမ်းဆီးခံသူများကို မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂) ဖြင့် တရားစွဲဆိုထားပြီး၊ တရားလိုမှာ ကျောက်တော်မြို့ ရဲစခန်းမှ တာဝန်ရှိသူများဖြစ်ကြသည်။

ယခုဖမ်းဆီးခံရသူများမှာ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူနှင့် စစ်တွေတို့က ဖြစ်ကြောင်း သိရသည်။

၎င်းတို့မှာ ရဲလက်ထဲသို့ မရောက်မီ ဖမ်းဆီးခံရသည့်အချိန်က ညှင်းပန်းနှိပ်စက်မှုကို ခံခဲ့ရကြောင်း၊ ရဲလက်ထဲသို့ ရောက်ပြီးနောက်ပိုင်း ညှင်းပမ်းနှိပ်စက်များ မခံရကြောင်း၊ ယခု ကျန်းမာရေးကောင်းမွန်နေကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။

ယင်းမိသားစုဝင်များ၏ စားဝတ်နေရေးနှင့် ရုံးချိန်းသွားလာရေး စရိတ်၊ တရားရုံးအတွင်း ကုန်ကျမည့် စရိတ်စခများကို ကျောက်တော် အရေးပေါ် ကူညီစောင့်ရှောက်ရေးအသင်းက ကူညီထောက်ပံ့ပေးနေကြောင်း ဦးထွန်းလှက ပြောသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း မင်းပြားတရားရုံးမှ လဟာပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကို ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်သည်ဆိုပြီး မတရားအသင်း အက်ဥပဒေပုဒ်မ - ၁၇ (၁) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး၊ ယင်းကို မကျေနပ်၍ မြောက်ဦးခရိုင်တရားရုံးတွင် အယူခံဝင်သွားမည်ဟု အမှုလိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေဒေါ်အေးနုစိန်က ပြောကြားသည်။

AA နှင့် ဆက်နွယ်သူဆိုပြီး ယခင် ၃၂ ဦးဖမ်းဆီးခဲ့ရာမှ ၁၆ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ ယင်းနောက် ထပ်ပြီး ပလက်ဝမြို့နယ်မှ ၂ ဦးဖမ်းဆီးခဲ့ကာ ယခုလက်ရှိ ပေါင်း ၁၈ ဦးကျန်နေသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly