မြန်မာနိုင်ငံက ဘာသာကြီးလေးခု၏ အထင်ကရနေရာများကို IS က ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်နေဟု သတင်းရထား

မြန်မာနိုင်ငံက ဘာသာကြီးလေးခု၏ အထင်ကရနေရာများကို IS က ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်နေဟု သတင်းရထား
 ဗုဒ္ဓဘာသာတို့ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီ(ဓာတ်ပုံ- ငြိမ်းချမ်းနိုင်/EPA)

နေပြည်တော်(မေလ ၂၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ မြန်မာနိုင်ငံရှိ ဘာသာကြီးလေးခု၏ အထင်ကရနေရာများကို IS အဖွဲ့က ဗုံးခွဲတိုက်ခိုက်ရန် အစီအစဉ်ရှိနေကြောင်း သတင်းရထားသည်ဟု နိုင်ငံတောသမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အယ်လ်ကိုင်ဒါ၊ တာလီလန် စသည့် အဖွဲ့များက ယခင်ကတည်းက ကြေငြာထားပြီး လက်ရှိတွင် IS ကပါ ကြေငြာလာသည့် အနေအထားဖြစ်ကြောင်း ဦးဇော်ဌေးက နေပြည်တော်တွင် မေလ ၂၄ရက်က သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မလေးရှားမှာမိတဲ့ အကြမ်းဖက်သမားတွေရဲ့ ထွက်ဆိုချက်တွေက ခုနကပြောသလို ကျွန်တော်တို့ ဘာသာကြီးလေးခုရဲ့ ထင်ရှားတဲ့ အဆောက်အဦတွေကို တိုက်ခိုက်ဖို့အထိ သူတို့လုပ်ထားတယ်ဆိုတဲ့ ထွက်ဆိုချက်တွေလည်း ရတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး သံသယရှိသူများ၏ ဝင်ထွက်သွားလာမှုများကို စိစစ်လျက် ရှိနေပြီး အကြမ်းဖက်တိုက်ခိုက်မှု အများစုသည် ပြည်ပရှိ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည့် ပြည်တွင်းမှ အစွန်းရောက်များကသာ လုပ်ဆောင်လေ့ရှိသည်ဟုလည်း ဆိုသည်။

“ပြည်ပက အကြမ်းဖက်သမားတွေ ဝင်လာပြီး လုပ်တာမျိုး မဟုတ်ဘူး။ ပြည်ပကတော့ ဆက်စပ်မှုရှိတယ်။ ဆွဲဆောင်မှု ရှိတယ်၊ ပါဝင်မှု ရှိတယ်။ သို့သော် အဓိက လုပ်တာသည် ပြည်တွင်းက အခံပေါ့နော်။ ကိုယ့်ပြည်တွင်းက အခံ အစွန်းရောက်လိုစိတ် ရှိတဲ့လူတွေက အခြေခံပြီး လုပ်တာ” ဟု ဦးဇော်ဌေးက ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း နိုင်ငံတစ်ကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ််စဉ်များနှင့် ပတ်သက်ပြီး သတိရှိရန် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများကို ညွှန်ကြားထားသည်ဟု မေလ ၂၃ရက်က မဇ္ဈိမကို ပြောဆိုထားသည်။
 
“သီရိလင်္ကာ ဗုံးပေါက်ကွဲမှုပြီးတော့ သတင်းထွက်လာတာ ရှိတယ်။ မလေးရှားရဲချုပ်ကနေပြီးတော့ IS အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ပြောတာရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးသတိရှိဖို့ ဆောင််ရွက်နေကျလုပ်ငန်းတွေအတိုင်း အကုန်လုံး ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

IS အဖွဲ့က ဖိလစ်ပိုင်တောင်ပိုင်းနှင့် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်သို့ ဝင်ရောက်ရန် မလေးရှားနိုင်ငံ Sabah ပြည်နယ်ရှိ Tawau နဲ့ Sandakan ဒေသကို စုရပ်အဖြစ် ရွေးချယ်ထားသည်ဟု မလေးရှားရဲမင်းကြီး Tan Sri Mohamad Fuzi Harun က ဧပြီ ၂၅ရက်တွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly