စနစ်ဆိုးကို တွန်းလှန်ဖို့ အဆင့်သင့် ဖြစ်နေပြီလို့ မြောင်းမြ အမတ်လောင်း ဒေါက်တာ စိုးမိုးသူဆို

စနစ်ဆိုးကို တွန်းလှန်ဖို့ အဆင့်သင့် ဖြစ်နေပြီလို့ မြောင်းမြ အမတ်လောင်း ဒေါက်တာ စိုးမိုးသူဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြောင်းမြမြို့နယ်အမတ်လောင်း ဒေါက်စိုးမိုးသူနှင့် မဇ္ဈိမ သတင်းထောက် စည်သူမောင်မောင်တို့ တွေ့ဆုံမေးမြန်းမှုတွင် စနစ်ဆိုးကိုတွန်းလှန်ရန် ရွေးကောက်ပွဲဝင် အမတ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဟု ဆိုသည်။ မြောင်းမြမြို့နယ်တွင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့်အပြိုင် ဝင်ရောက်ယှဉ်ပြိုင်ရမည့် ဒေါက်တာစိုးမိုးသူက ကြောက်စိတ်ကို ဖယ်ရှားကာ နိုင်ငံရေး လောကထဲ ဝင်ရောက်ခဲ့ခြင်းဟုလည်းဆိုသည်။

မဇ္ဈိမနှင့် ဒေါက်တာစိုးမိုးသူတို့ တွေ့ဆုံမေးမြန်းမှုတွင် အနာဂတ် မြန်မာ့နိုင်ငံရေးအပေါ် မျှော်မှန်းချက်၊ နိုင်ငံရေးလောကသို့ ဝင်ရောက်လာရသည့် အဓိက စေ့ဆော်မှု အခြေအနေ၊ ပြိုင်ဘက်ဖြစ်သည့် ဝန်ကြီးများအပေါ် သဘောထား၊ လူငယ်နှင့် အနာဂတ် မြန်မာနိုင်ငံအပေါ် မျှော်မှန်းချက်ကို ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

လူငယ်တစ်ယောက်ဖြစ်တယ် ခုဝင်ပြိုင်တယ်ပေါ့၊ ညီလေးရဲ့ အနာဂတ် နိုင်ငံရေး မျှော်မှန်းချက်က ဘာဖြစ်မလဲ။

နိုင်ငံရေး ဆိုတာက လူမှုဘဝတွေထဲက ခွဲထွက်ရတာပဲ။ နိုင်ငံရေးထဲ စဝင်ပြီ ဆိုကတည်းက ကျနော်တို့ စီးပွားရေး လူမှုရေး အကုန် စွန့်လွှတ်ရတယ် စီးပွားရေး၊ လူမှုရေးတွေထက် အရေးကြီးတဲ့ဟာ တစ်ခုကို စွန့်လွှတ်ရတာကတော့ ကြောက်စိတ်ပဲ။ ကြောက်စိတ်ကို ဖယ်ရှားပြီး ဒီအထဲဝင်ခဲ့ပြီ။ ရှေ့လျောက်လည်း ပြည်သူ့အကျိုး သယ်ပိုးမယ်၊ ပြည်သူတွေရဲ့နစ်နာမှုကို ဖေါ်ထုတ်မယ်။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်မယ်။ အဲ့ဒီတော့ ရှေ့လျောက် ကျနော်က နိုင်ငံရေးထဲ ဝင်တဲ့အတွက် ပြည်သူ့အကျိုး လူအများရဲ့အကျိုးကို ရင်ဆိုင်မှာ ဖြစ်ပါတယ် တတ်နိုင်တဲ့ဘက်က။ တစ်ချိန်မှာ တကယ့် တိုင်းကျိုးပြည်ပြုနိုင်တဲ့ အနေအထား အထိရောက်အောင် ကိုယ့်ကိုယ်ကို စွန့်လွှတ်ပြီး အနစ်နာခံပြီး စတေးပြီး လုပ်သွားပါမယ်။

 

နိုင်ငံရေး လောကထဲဝင်ဖို့၊ အမတ်တစ်ယောက်အဖြစ် ဝင်ပြိုင်ဖို့ တွန်းအားသော်လည်းကောင်း နောက်ကွယ်က အကြောင်းက ဘာဖြစ်မလဲ။

ငယ်ငယ်တည်းက ကျနော့်အသိုင်းအဝိုင်းမှာ နိုင်ငံရေးလုပ်ရင် လူညွန့်တုံးမယ်၊ နိုင်ငံရေး အဆက်ဖြတ် ခံထားရတယ်ဗျာ။ နောက် သင်ရတဲ့ ကျောင်းစာတွေမှာလည်း နိုင်ငံရေးဆိုတာ လုံးဝမပါဘူး။ ပါတီ ဆိုတဲ့ စကားလုံးဟာ တကယ့် ကြောက်စရာ စကားလုံးလိုမျိုး၊ တကယ့် ဒေဝေါကြီးလိုမျိုး ဘာမှန်းမသိဘဲ ကြောက်စရာ ဖြစ်နေခဲ့ရတယ်။ ဒါပေမယ့် ကျနော် ဆေးကျောင်းတက်တယ် ဆေးကျောင်း တက်တဲ့အချိန်မှာ ကျနော့်ရဲ့ ကံကောင်းမှုပဲ ပြောရမလား။ မကွေး ဆေးကျောင်းမှာ တိုင်းရင်းသား မောင်နှမတွေနဲ့ ကျနော်တို့ တွေ့တယ်။ သူတို့ရဲ့ အခက်အခဲ ကိုယ့်ရဲ့ အခက်အခဲ သူတို့ ဒေသအခက်အခဲတွေ သူတို့ ရင်ဆိုင်လာရတာတွေ။ အဲ့ဒီမှာ သွားတွေ့တာက ဒေသ တစ်ခုတည်းမှာ ဖြစ်နေတာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာ ဒီလို အခက်အခဲတွေ ဆင်းရဲ မွဲတေမှုအခက်အခဲတွေ စတင် ကြားသိလာရတယ်။

တစ်ပြိုင်နက်တည်းမှာပဲ တိုင်းရင်းသားတွေကြားထဲမှာရှိတဲ့ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းဖို့ လိုတာတွေ စမြင်လာတယ်။ ဟုတ်ပြီ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အများကြီးရှိတယ်။ ဒါလေးကို စခံစားလာရတယ်။ ဆေးကျောင်းပြီးတဲ့အခါမှာ ကျနော် စီးပွားစီမံကို မလေးရှားမှာ သွားတက်တယ်။ နိုင်ငံတကာကို စထွက်တယ်။ ထပ်ပြီး သိလိုက်ရတာက အရမ်းဝမ်းနည်းဖို့ ကောင်းတယ်။

တကယ်တော့ ကျနော်တို့ ကျောင်းတက်တဲ့နေရာမှာ ကျနော်က အသက်အကြီးဆုံး ဖြစ်နေတယ်။ အသက် ၂၀ စွန်းစွန်းနဲ့ MBA တက်နေတဲ့လူတွေ အများကြီးပဲ။ ကျနော်တို့ မြန်မာနိုင်ငံက နောက်ကျကျန်နေခဲ့တယ်။ ကိုယ့်ဒေသရဲ့ လိုအပ်ချက်တွေနဲ့ ကိုယ့်ဒေသရဲ့ ဆုတ်ယုတ်မှုတွေကို မြင်လာတဲ့အချိန်မှာ ဝမ်းနည်းလာတယ်။ မြန်မာ နိုင်ငံကူးလက်မှ အနီကိုင်ထားရင် အဲ့ဒီအနီ ကိုင်ထားတဲ့လူတွေရဲ့ ခံစားချက်ကို လူတိုင်း သိနိုင်ပါတယ်။ ဒါဟာ အဓိက နိုင်ငံရဲ့ဲ ဂုဏ်သိက္ခာပေါ့။ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေး လူမှုရေး နိမ့်ကျနေတယ်။

အဲ့ဒီတော့ ကိုယ့်မြန်မာနိုင်ငံ ပြန်ရောက်လာတဲ့အချိန်မှာ ကိုယ်ပိုင် စီးပွားရေး စလုပ်တယ်၊ စလုပ်တဲ့အချိန်မှာ ကျနော့်ရဲ့  ကျနော့်ကို အဓိက ကူညီပံ့ပိုးနေတဲ့ ကျနော့်ရဲ့ ဝန်ထမ်းတွေနဲ့ စတွေ့တယ်။ ဝန်ထမ်းတွေရဲ့ အခြေအနေကို ကျနော် နားလည်လာတယ်။ သူတို့နဲ့ ထိတွေ့ပြီး သူတို့ရဲ့ ဘဝအခြေအနေကို သိလာတဲ့အချိန်မှာ စနစ်တစ်ခုတော့ ပြောင်းလဲမှ ဖြစ်တော့မယ်ဆိုတာ ကျနော် စဉ်းစားမိတယ်။ အဲ့ဒီအချိန်က စပြီး ကျနော် နိုင်ငံရေး စလုပ်တော့မယ်လို့ ဆုံးဖြတ်တယ်။

 

အခု ပြိုင်ရမယ့် အထဲမှာ ကိုယ်နဲ့ ယှဉ်ပြိုင်ဘက်က အင်အားကြီးပါတီက ဝန်ကြီးတွေလည်းပါတယ်။ ဆိုတော့ ဘယ်လိုတွေ ပြင်ဆင်ထားသလဲ။

အင်အားကြီး ပါတီဆိုတာထက် ကျနော်တို့ အခုရင်ဆိုင်နေရတာ စနစ်ဆိုးတစ်ခုကို ရင်ဆိုင်နေရတာ။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို တွန်းလှန်နေတာမဟုတ်ဘူး။ ဒီစနစ်ဆိုးတစ်ခုကို တွန်းလှန်ရင်းနဲ့ အသက်သွေး ချွေးတွေ စတေးခဲ့ရတဲ့လူတွေလည်း အများကြီးပဲ ရဟန်း၊ ရှင်၊ လူ ကျောင်းသားထု။ အခု ကျနော်တို့ အလှည့်ရောက်ပြီ။ ကျနော်တို့ အလှည့်မှာတော့ ကျနော်တို့က ခေတ်စနစ်အရ ကျနော်တို့က တိုးတက်ချင်တယ် ပြောင်းလဲချင်တယ်။ ဒီ့ထက်ပိုကောင်းအောင် လုပ်ချင်တယ်။

ကျနော်တို့ ရင်ဆိုင်နေရတာ ကျနော်တို့ ပြည်သူတွေနဲ့ တစ်သားတည်း ရှိနေတယ်ဆိုတာ ကျနော်တို့ ယုံကြည်တယ်။ အဲ့ဒီတော့ ကျနော်တို့ဟာ ပြည်သူနဲ့ တစ်သားတည်း ပြည်သူနဲ့ အတူတူအလုပ်လုပ်တာ ဖြစ်တယ်။ ပြည်သူ့ဆီက ရတဲ့ ပြည်သူ့မဲတစ်ပြားနဲ့ ရင်ဆိုင်မှာ ဖြစ်တဲ့အတွက် ကျနော် ပြည်သူကြားထဲမှာ ပြည်သူနဲ့ အနီးကပ် ထိတွေ့ပြီးတော့ ပြည်သူတွေ ယုံကြည်သက်ဝင်လာအောင် သူတို့ကို ကိုယ်စားပြုပြီးတော့ သူတို့ရဲ့ အစေခံ၊ သူတို့ရဲ့ ဝန်ထမ်း သူတို့ရဲ့ဝန်ကို ထမ်းမယ့်လူအဖြစ် ကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

 

ပြည်သူတွေ လိုအပ်ချက်ကတော့ အများကြီးရှိမှာပေ့ါ။ ဆိုတော့ ဦးစားပေးဘာဖြစ်မလဲ။

ကျနော်ကတော့ ပြည်သူတွေ ကျနော့်ကို ခိုင်းကြည့်ပါ။ ကျနော် ပြောချင်တဲ့စကားမှာ ပြည်သူ့ ကိုယ်စားလှယ်ဆိုတာ ပါတယ်။ အခု ကျနော် ဝင်ရောက်ယှဉ်ပြိုင်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်သူ့ရဲ့ ကိုယ်စားလှယ် ပြည်သူတွေရဲ့ ပါးစပ်ပေါက် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပြည်သူတွေကိုယ်စား ကျနော် ပြောပေးမယ်။ ပြောနိုင်ဖို့ အဓိကပဲ ဒါ လွှတ်တော်အမတ်တစ်ယောက်ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် အရာတွေကို ကျနော် ထောက်ပြမယ်။ အဲ့ဒီတော့ ပြည်သူတွေရဲ့ ရပိုင်ခွင့် လုပ်ပိုင်ခွင့်တွေကို မဆုံးရှုံးအောင် ကျနော် ကြိုးစားသွားပါမယ်။

 

ကိုယ်နဲ့ ပြိုင်ဘာ အခြားပါတီက ကိုယ်စားလှယ်လောင်း တွေကိုကော ဘာများ ပြောချင်သလဲ။

အားလုံးကတော့ ကောင်းဖို့ လုပ်နေကြတာချည်းပဲ၊ ဒါပေမယ့် လုပ်ပုံလုပ်နည်း မတူတာနဲ့ သက်ရောက်မှုလေးတွေ မတူတာပဲရှိတယ်။ ကြိုးစားမှုကတော့ အတူတူပါပဲ။ အဲ့ဒီတော့ ဘယ်သူဘဲ ဘာပဲဖြစ်ဖြစ် အားလုံးက ပြည်သူ့အကျိုး လုပ်နေကြတာပဲ။ အားလုံးကို လေးစားပါတယ်။

 

ရွေးကောက်ပွဲ အနိုင်ရဖို့ ပြင်ဆင်မှုနဲ့ အခုလောလောဆယ်မှာကော ကိုယ့်ကိုယ်ကို အားရ ကျေနပ်မှုရှိသလား။

စာမေးပွဲ တစ်ခုကိုဖြေရင် ကျနော် အရမ်းလောဘကြီးတယ်။ ကျနော် ၁၀ တန်းမှာဆိုလည်း သင်္ချာကို အမှတ် ၁၀၀ အပြည့်အထိ ကျနော်ရခဲ့တယ်။ အဲ့ဒီအတွက်လည်း ကျနော့်မှာ ကြိုးစားမှုတွေ ဖြည့်စွက်ရတာတွေ အများကြီးပဲ။ ရာနှုန်းပြည့်ဆိုတာမျိုး ကျနော် မျှော်လင့်တယ်။ စာမေးပွဲ တစ်ခုကို ဖြေသလိုမျိုး ပြင်ဆင်ထားရမှာ ဖြစ်တဲ့အတွက် အဲ့ဒီတော့ ကျနော်အနေနဲ့ စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာကော လူပိုင်းဆိုင်ရာကော မဟာဗျူဟာကျကျ လေ့လာထားတယ်။

အခုခေတ်မှာ အင်တာနက်ခေတ်ပေါ့ ရွေးကောက်ပွဲ မဟာဗျူဟာနဲ့ ပတ်သက်ပြီးတော့ အင်တနက်ကနေ လေ့လာလို့ရတာရှိတယ်။ ဖတ်လို့ရတဲ့ စာအုပ်တွေရှိတယ် လက်တွေ့မှာလည်း လူငယ်တာဝန်ခံ အနေနဲ့ ကျနော် ဖြတ်သန်းခဲ့တဲ့ လက်တွေ့အတွေ့အကြုံ ရှိတယ်။ အင်တာနက်မှာ စာအုပ်တွေရှိတယ်၊ တကယ့် စာကြည့်တိုက်က စာအုပ်တွေရှိတယ်။

နောက်တစ်ခုက အောက်ခြေလူထုနဲ့လည်း ကျနော် ထိတွေ့နိုင်အောင် ကြိုးစားတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ ရွေးကောက်ပွဲ အောင်နိုင်ဖို့ ဖေါ်ဆောင်ပေးမှာက ပြည်သူတွေ ကိုယ်တိုင်ဖြစ်တယ်။ ကျေးရွာတစ်ခုကို ကျနော်တို့ သွားနိုင်ရင် တစ်ရက်ပဲ ဆက်ပြီး လုပ်သွားရမှာက ရပ်ကျေး အလုပ်အမှုဆောင်တွေပဲ။ နိုင်ငံရေး ပါတီဝင်တွေဖြစ်တယ်။ အဲ့ဒီတော့ ကျနော် သူတို့နဲ့ ထိတွေ့နိုင်အောင် ကြိုးစားတယ်။ သူတို့နဲ့ နားလည်မှုယူတယ်။ နောက်တစ်ခုကတော့ မဲပေးမယ့် ပြည်သူလူထု ဒီပြည်သူတွေ ယုံကြည်မှ ပြည်သူတွေ ယုံကြည်အောင် ကျနော် ကြိုးစားတယ်။ ယုံကြည်တဲ့ ပြည်သူတွေ မဲပေးခွင့်ရအောင်လည်း ကျနော် ကြိုးစားတယ်။

 

ကိုယ့်ဘက်က ကြိုးစားနေပေမယ့် အကြောင်းအရာ တစ်ခုခုကြောင့် ကိုယ့်ဘက်က ရှုံးသွားခဲ့ရင် ဘာဆက်လုပ်မလဲ။ ခုဏ ပြောသွားတာရှိတယ် ပြည်သူ့အကျိုးကို ထမ်းဆောင်မယ်ဆိုတော့ ဘယ်လိုမျိုး ဆက်ထမ်းဆောင်မလဲ။

စာမေးပွဲ တစ်ခုဆိုရင် တစ်ခါတည်းဖြေလိုက်ပြီး ပြီးသွားတာမဟုတ်ဘူးလေ။ ရွေးကောက်ပွဲ ဆိုတာလည်း ပြီးမှာမဟုတ်ဘူး ယှဉ်ပြိုင်ပြီ ဆိုရင်တော့ အနိုင်နဲ့ အရှုံးရှိမယ်။ ဒါပေမယ့် နိုင်သွားရင်လည်း ဂုဏ်သိက္ခာရှိတဲ့ အနိုင်မျိုးဖြစ်သင့်တယ်။ ရှုံးသွားရင်လည်း ဂုဏ်သိက္ခာရှိတဲ့ အရှုံးကို ကျနော် ရင်ဆိုင်မယ်။

 

ရွေးကောက်ပွဲမှာ နိုင်ပြီပဲဆိုကြပါစို့၊ လွှတ်တော်ထဲ ရောက်သွားပြီပေါ့ အဲ့ဒီအခါကျရင် လွှတ်တော်ထဲမှာ ပထမဆုံး တင်မယ့်၊ အဆိုသော်လည်းကောင်း မေးခွန်းသော်လည်းကောင်း အဲ့ဒါက ဘာဖြစ်မလဲ။

အဓိက ကတော့ ကျနော်တို့ဟာ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ ကိုယ့်ကိုယ်ကို မပိုင်ဘူး ပြည်သူက ပိုင်တယ်။ အဲ့ဒီတော့ ကျနော်မေးမယ် မေးခွန်းကလည်း ပြည်သူတွေ မေးတဲ့ မေးခွန်းပဲ ဖြစ်ရမယ်။ အဲ့ဒီအတွက်လည်း ကျနော် ပြည်သူတွေနဲ့ ထိတွေ့ပြီးတော့ သူတို့တွေရဲ့ မေးခွန်းတွေ ဖေါ်ထုတ်ပေးနေတယ်။

 

မြန်မာနိုင်ငံမှာ လူငယ်နိုင်ငံရေးသမားတွေ နည်းနေတယ်၊ လူငယ်တွေရဲ့ အခန်းကဏ္ဍကိုကော ကိုယ်စားလှယ် တစ်ယောက်ဖြစ်တဲ့အချိန်မှာ ဘယ်လို ပုံစံမျိုး ဖေါ်ဆောင်ပေးမလဲ။

ကျနော့်အတွက်ကတော့ Youth for Change, Change for Youth!!  လူငယ်ကလည်း ပြောင်းလဲခြင်း အတွက် ဖြစ်ရမယ်။ ပြောင်းလဲခြင်းကလည်း လူငယ်အတွက် ဖြစ်ရမယ်။ ရှေ့လျောက် ဆက်သွားမယ့် နေရာမှာ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်လည်း ဖြစ်တယ်။ ကျနော်လည်း လက်ရှိ လူငယ် ဗဟို တာဝန်တစ်ယောက်ဖြစ်တယ်။ ကျနော်တို့မှာ နံပတ် ၁ ဆုံးရှုံးနေတာက ပညာရေး၊ ကျနော်တို့မှာ ၁၀ တန်းပြီး ကျောင်းပြီးပြီးတော့ ဘွဲ့ရ အလုပ်လက်မဲ့တွေ အများကြီးပဲ။ ဒါမျိုးတွေ အတွက်ကို အာမခံချက် ပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားရမယ်။

အရှင်းဆုံး ပြောရရင်ဗျာ ကျန်တာတွေ ပြောမနေနဲ့တော့ လူငယ်နဲ့ အားကစား၊ လူငယ်တွေက အားကစားလုပ်နိုင်အောင် ဖန်တီးပေးမှ ကိုယ်ကာယ ကြံ့ခိုင်မယ်၊ ကိုယ်ခံအားတွေ ကောင်းလာမယ်။ နောက်ဆုံး ပြောရရင် လူငယ်တွေ စာဖတ်တဲ့ အလေ့အကျင့် စာကြည့်တိုက်တွေ ကျနော်တို့ ပြန်လုပ်ရမယ်။ လူငယ်တွေက နိုင်ငံရဲ့ အနာဂတ်ဟာ ငါတို့လက်ထဲမှာ ရှိပါလားဆိုတာကို ကြိုးစားချင်တဲ့စိတ်ရှိအောင် ဖေါ်ဆောင်ပေးဖို့လိုတယ်။

 

ဆရာဝန်လည်း ဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ကော။

ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ လူတစ်ယောက်က ဘယ်လောက် ချမ်းသာချမ်းသာ၊ မကျန်းမာရင် အလကားပဲ။ ကျနော် ဟိုနေ့က ယပ်တောင်လေး တစ်ခုကို ကြည့်လိုက်တယ် အသက် ၄၆ နှစ်ပဲ ရှိသေးတယ် ဘယ်လောက်ဝမ်းနည်းဖို့ ကောင်းလဲ။ ကျနော်တို့ဆီမှာ အသက် ၄၀၊ ၅၀၊ ၆၀ ဆို တဖြုတ်ဖြုတ် ကြွေနေတာ။ ဂျပန်မှာဆိုရင် အသက် ၇၀ အောက်တောင်မှ သေတဲ့လူ နည်းတယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုက အခြေခံအရ လိုအပ်ချက်တွေ အများကြီးရှိနေတယ်။

ဥပမာ ကျေးရွာတွေမှာဆိုရင် ကလေးသေနှုန်းတွေကို လျော့ချဖို့၊ တကယ့်ကို ထိထိရောက်ရောက်နဲ့ ကုသပေးမယ့်လူမရှိဘူး ဖြစ်နေတယ်။ ကျန်းမာရေးနဲ့ ပညာရေးကို အစိုးရက ထိထိရောက်ရောက်နဲ့ ပြည်သူ့အတွက်ကို သုံးစွဲဖို့ လိုအပ်တယ်။ ချပေးလိုက်တဲ့ ဘဏ္ဍာငွေတွေကိုလည်း ပြည်သူ့လက်ထဲ ရောက်အောင် ထိထိရောက်ရောက်နဲ့ သုံးဖို့ လိုအပ်တယ်။

 

နောက်ဆုံး မေးခွန်းပါပဲ၊ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး မရှိဘူးဆိုပြီး ဝေဖန်ကြတာတွေရှိတယ်။ အဲ့ဒီအတွက်ကော ဘာတွေ ပြင်ဆင်ထားသလဲ။

တကယ်တော့ ကျနော်တို့ လုပ်စရာတောင် မလိုပါဘူး၊ စာရွက်စာတမ်းတွေ ကျနော်တို့မှာ ရှိပြီးသားပဲ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး တကယ်သာ အဲ့ဒီလိုဖြစ်နေမယ်ဆိုရင် အခြေခံ ဥပဒေက စပြီးတော့ ကျနော်တို့နိုင်ငံဟာ ငြိမ်းချမ်းမယ်။ အဲ့ဒီအတွက်ကို ကျနော်တို့က ဥပဒေတွေရဲ့ မိခင်ဖြစ်တဲ့ အခြေခံဥပဒေကို ပြင်ဆင်ရမယ်။ လူတွေရဲ့ အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ရမယ်။ ဒါဟာလည်း ၂၀၁၂ အဖွဲ့ချုပ် ရွေးကောက်ပွဲဝင်လာတည်းက မူဝါဒ ဖြစ်တယ်။ တရားဥပဒေ စိုးမိုးမှုကိုလည်း ထိထိရောက်ရောက် ဖြစ်အောင် ကြိုးစားမယ်။ အဓိက ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကြိုးစားရမယ်။

 

လူငယ်တစ်ယောက်အနေနဲ့ကော ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ကော ဘာပြောချင်သေးလဲ။

ပြောချင်တာကတော့ တော်လောက်ပြီ ကျနော်တို့ ပြောင်းလဲကြဖို့လိုပြီ။ ကျနော်တို့ မြန်မာနိုင်ငံ အောက်ကျ နောက်ကျနဲ့ ကမ္ဘာ့အလယ်မှာ ကျနော်တို့ လူငယ်တွေ မျက်နှာငယ်နေကြရတယ်။ ကျနော်တို့ ပြောင်းလဲချင်ပြီ။ ပြောင်းလဲချိန်တန်တဲ့အချိန်မှာ ကျနော်တို့ အမှန်တကယ် ပြောင်းလဲဖို့ ဆိုတာကတော့ ဦးဆောင်နိုင်တဲ့ ပါတီကို ရွေးချယ်ကြရလိမ့်မယ်။ ဒါ ကျနော်တို့အတွက်မဟုတ်ဘူး ကျနော်တို့ မွေးလာမယ့် သားသမီးတွေ၊ မြေးမြစ်တွေအတွက် နှစ် ၁၀၀ ချီပြီးတော့ မြန်မာဆိုပြီးတော့ မျက်နှာ မငယ်ရအောင် မြန်မာဆိုပြီး ရဲရဲဝံ့ဝံ့နဲ့ မျက်နှာ မှော်ကြွားရဲအောင် ပြောင်းလဲချိန်တန်ပြီ။ ကမ္ဘာကလည်း လေးစား အသိအမှတ် ပြုနေတဲ့ ခေါင်းဆောင် ရှိနေတဲ့အချိန် တစ်နိုင်ငံလုံး တိုင်းရင်းသား မောင်နှမတွေကလည်း ယုံကြည်မှုရှိတဲ့ ခေါင်းဆောင်ရှိနေတဲ့အချိန် ဒီအရွေ့မှာ အမှန်တကယ် ပြောင်းလဲဖို့ လိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required