နယူးဒေလီ၊ မေ ၂၄ ။ ။ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က အိမ်ရှင်မတစ်ဦးဟာ မြင့်မားနေတဲ့ အပူချိန်ကို တစ်မူထူးခြားစွာ ဖြေရှင်းလိုက်ပါတယ်။
သူ မောင်းနှင်တဲ့ကားကို နွားချေးမံပြီး မောင်းနှင်တာ ဖြစ်ကာ အပူချိန် တကယ်သက်သာကြောင်း ပြောဆိုပါတယ်။
ရိုးရာဓလေ့ပုံစံမျိုး နွားချေးနဲ့ ရွံ့မြေကို သမစေပြီး သူရဲ့ ကားကို သုတ်မံထားပုံက ပုံစံတစ်မျိုးနဲ့ အမြင်လည်း ဆန်းပါတယ်။
“သဘာဝနွားချေးကို အသုံးပြုပြီး လေထုညစ်ညမ်းမှု အဆင့်ကို ကျွန်မ လျှော့ချဖို့ လုပ်ဆောင်နေရင်း ပျော်ရွှင်မိတယ်။”လို့ အိမ်ထောင်ရှင်မ ဆီဂျေဘန်ဆတ်က ပြောပါတယ်။
“မနေ့က ဒီကားနဲ့ ကျွန်မ အပြင် တစ်ပတ် ပတ်တယ်။ ပြင်ပအပူချိန်က ၄၃ ဒီဂရီ ရှိနေတယ်။ ဒါပေမယ့် ကျွန်မ ကားထဲက အပူချိန်ကတော့ ၃၆ နဲ့ ၃၇ ဒီဂရီလောက်မှာပဲ ရှိတာ တွေ့ရတယ်။ တကယ်ကို ပြောင်းလဲပေးနိုင်တာပါ။”လို့ ဆီဂျေဘန်က ပြောပါတယ်။
“ကျွန်မ စဉ်းစားခဲ့တာက ဒီလိုပါ။ ကားတွင်းက အပူချိန်ကို သဘာဝပတ်ဝန်းကျင်ကို ချိုးဖောက်မှု မရှိဘဲ၊ လျှပ်စစ်ဓာတ်ကို သုံးစွဲခြင်း မရှိဘဲ ဘယ်လို လျှော့ချနိုင်အောင် လုပ်မလဲ တွေးရင် ခုလို အတွေးမျိုး ပေါ်လာတာ ဖြစ်ပါတယ်။”လို့လည်း ၎င်းက ဆိုပါတယ်။
အိန္ဒိယနိုင်ငံဟာ လေထုညစ်ညမ်းမှု အဆိုးဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပြီး လက်ရှိ ရွေးကောက်ပွဲမှာ ဒုတိယမြောက် အနိုင်ရတဲ့ ဝန်ကြီးချုပ် မိုဒီကို လေထုညစ်ညမ်းမှု ပြဿနာဟာ အိန္ဒိယကို သတ်နေတယ်ဆိုပြီး ဦးစားပေး ဖြေရှင်းပေးဖို့ တက္ကသိုလ်ကျောင်းသားတွေက ဆန္ဒပြ တောင်းဆိုနေကြပါတယ်။