ပန်းပုဆရာကောင်းတစ်ယောက် ဖြစ်ပါစေ

ပန်းပုဆရာကောင်းတစ်ယောက် ဖြစ်ပါစေ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   
ကိုယ့်ရင်သွေး လေးတွေကို  လူတော် လူကောင်းဖြစ်စေချင်ကြတာ မိဘတိုင်းပါ။ ဒါပေမယ့် ကလေးတစ်ယောက် တော်ဖို့၊ လူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကလေးအပေါ်မှာ အများကြီးမူတည်နေတာ မဟုတ်ဘဲ မိဘတွေရဲ့ ထိန်းကျောင်းပျိုးထောင်ပေးမှုနဲ့ အများကြီး သက်ဆိုင်နေတဲ့ အရာပါ။ သားသမီးမကောင်း မိဘခေါင်း ဆိုသလိုမျိုးပေါ့။ ဒီတော့ ကလေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ အုပ်ထိန်းကြမလဲ ။ ။

ကလေးတစ်ယောက်ကို ပျိုးထောင်တဲ့နေရာမှာ  မိဘတွေ ရှောင်ရ ဆောင်ရမယ့် အချက်တွေရှိပါတယ်။ ဒါတွေကို မိဘတွေ အနေနဲ့ သေချာသိထားမှ ကိုယ့်ကလေးရဲ့ အနာဂတ်ကို လှပအောင် ထုဆစ်ပုံဖော်ပေးနိုင်တဲ့ ပန်းပုဆရာကောင်းတွေ ဖြစ်ကြမှာပါ ။ ။
ကလေးတစ်ယောက်ကို အုပ်ထိန်းတဲ့နေရာမှာ
ဒါတွေလုပ်ပေးပါ။

    ကလေးပြောချင်တဲ့ စကားတိုင်းကို စိတ်ရှည်ရှည်နားထောင်ပါ။ ဒါမှ သူတို့လေးတွေ ဘာတွေခံစားနေရလဲ ဘယ်လို နှစ်သိမ့်ပေးနိုင်မလဲဆိုတာ သိမှာပါ။
    သူတို့ကို သင်ယုံကြည်ကြောင်းပြပါ။ – ကလေးတွေကို နေရာပေးပြီး သူတို့ကို ယုံကြည်ကြောင်း ပြပေးပါ။ မိဘတွေရဲ့ ယုံကြည်မှုကို ရရှိခြင်းဟာ ကလေးတွေ အတွက် ခွန်အားဖြစ်စေပါတယ်။ ကလေးဆိုတာ ချီးမွမ်းခံရတာကို  အရမ်းကြိုက်ကြတယ်လေ။
    ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကလေးကို အချိန်ပေးပါ။
    မိဘဖြစ်တဲ့ ကိုယ်က မှားသွားခဲ့ရင်လည်း ကလေးကို တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ ကိုယ်က မိဘဆိုပြီး နေရာတကာ ကိုယ်ပဲမှန်တယ်၊ ဆိုတဲ့ အတ္တကြီးကို စွန့်လွှတ်လိုက်ပါ။
    ကလေးကြောက်အောင် တည်တည်ကြီးနေမယ့်အစား သူငယ်ချင်းပေါင်းပေါင်းပြီး သူတို့နဲ့ ရင်းနှီးအောင်နေပါ။ ဒါမှပြဿနာတစ်ခုခုဖြစ်ရင် သူတို့ပထမဆုံး အားကိုးမယ့်သူက သင်ဖြစ်နေမှာပါ။ ။

ဒါတွေ မလုပ်ပါနဲ့ ။ ။

    မသင့်တော်တဲ့ ကိစ္စမျိုးတွေမှာ မလုပ်ရဘူး၊ မသွားရဘူးလို့ ပြောလိုက်ရမှာကိုဝန်လေးမနေပါနဲ့။
    အရမ်းအလိုလိုက်ပြီး ကလေးကို နေရာတကာ လိုက်လုပ်ပေးမနေပါနဲ့။ ကလေးရဲ့ ကိုယ်ပိုင်စွမ်းဆောင်နိုင်ရည်တွေ ကျဆင်းသွားနိုင်ပါတယ်။
    ကလေးကို သူငယ်ချင်းပေါင်းပေါင်းရမှာမှန်ပေမယ့် ကလေးက ကိုယ့်အပေါ် လေးစားမှု မရှိတဲ့ ဆက်ဆံမှုမျိုးကို လုံးဝ လက်သင့်မခံပါနဲ့။ ရင်းနှီးမှုနဲ့ မထီမဲ့မြင် ပြုမှု ကြားထဲမှာ အကန့်လေးခြားထားပါ။
    တစ်ကိုယ်ကောင်းဆန်နေတဲ့ကလေး၊ အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ကလေးကို ဆုံးမဖို့ လုံးဝ မရှောင်လွဲပါနဲ့။ မကောင်းတဲ့ အကျင့်တွေကို ငယ်ငယ်မှာတည်းက ချိုးနှိမ်ထားဖို့လိုပါတယ်။
    သူတို့ကို အတင်းကြီးပြောင်းလဲဖို့ မကြိုးစားပါနဲ့။ အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ အပြစ်ကင်းစင်တဲ့ ကလေးစိတ်ထဲမှာ သိမ်ငယ်စိတ်တွေဝင်သွားနိုင်လို့ပါ ။

ဒါတွေကတော့ ရင်သွေးလေးကို ပြုစုပျိုးထောင်နေတဲ့ မိဘတိုင်း သိသင့် လိုက်နာသင့်တဲ့ အချက်တွေပါ။ မိဘတွေဆိုတာ ပန်းပုပညာရှင်တွေနဲ့ တူတူပဲမို့ ကိုယ်ထုဆစ်ထားတဲ့ ပန်းပုလေး ရုပ်လုံးကြွ လှပဖို့တို့ တာဝန်အရှိဆုံးသူတွေပါ။  ။

 ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required